မူဆယ် ၁၀၅ မိုင် ဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်း သေနတ်ပစ်သတ်ခံရ

မူဆယ် ၁၀၅ မိုင် ဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်း သေနတ်ပစ်သတ်ခံရ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်၌ ရပ်မပေးသည့် ကားတစ်စီးကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်း အမျိုးသားအား ကျည်ဆံထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

“ကားသမားက ဂိတ်မှာ မရပ်ပေးလို့ ညီနောင်တွေဘက်က သေနတ်နဲ့ လိုက်ပစ်တယ်လို့ ကြားတယ်။ တချို့ ကလည်း အဲ့ကားသမားက ဂိတ်ကို ဝင်တိုက်သွားပြီး ထွက်ပြေးလို့ လိုက်ပစ်ခံရတယ်လို့ ပြောတယ်။ နမ့်ပန်း လမ်းခွဲက MNDAA နဲ့ AA စောင့်တဲ့ဂိတ်မှာ ဖြစ်တာ။ ပစ်ခံရတဲ့ ကားသမားက တရုတ်၊ နာမည်က အားလီ လို့ခေါ်တယ်” ဟု မူဆယ်-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထိုသို့ သေနတ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ယာဉ်မောင်း အမျိုးသားသည် တရုတ်လူမျိုးဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ညီနောင်မဟာမိတ်တပ်ဘက်မှ ယခုဖြစ်ရပ်အပေါ် မည်သို့ အရေးယူ ဆောင်ရွက်မည်ကို ဆက်လက် စုံစမ်း လျက်ရှိသည်။

မူဆယ်မြို့နယ်အတွင်း ကုန်သွယ်ရေးအရ အရေးပါသည့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် ကိုးကန့် တပ်ဖွဲ့ MNDAA၊ အာရက္ခတပ်တော် AA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ နေရာယူ တပ်စွဲထားပြီး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားကြောင်း ခရီးသွားများထံမှ သိရသည်။

အလားတူ ဩဂုတ်လ ၁၈ ရက်ကလည်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ ကချင်လွတ် လပ်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်ရှေ့တွင် သဲကား မောင်းနှင်လာသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားကို KIA တပ်ဖွဲ့ဝင်တစ်ဦးက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ကျေးရွာဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူမှာ မူဆယ်မြို့ရှိ ရွှေမူဆယ် ဆေးရုံတွင် သွားရောက် ဆေးကုသခဲ့ရပြီး ဒေသခံများက KIA စစ်ဆေးရေးဂိတ်ကို သွားရောက် ဖယ်ရှားခဲ့ကြသော်လည်း ရက်ပိုင်းအကြာ တွင် KIA ဘက်မှ မူလစစ်ဆေးရေးဂိတ် နေရာ၌ ပြန်လည်နေရာယူ တပ်စွဲခဲ့သည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...