ဖားကန့်မှာ သတ်ဖြတ်ခံထားတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မှာ သတ်ဖြတ်ခံထားတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့ ဒေသခံပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လုံးခင်းကျေးရွာက ဆေးရုံကုန်းအနီးမှာ ပစ်ထားတဲ့အလောင်းတွေရဲ့အနံ့တွေ ဆိုးဝါးလာတဲ့အတွက် ဒေသခံတွေကနေ အကူအညီတောင်းပြီး ကောက်ခဲ့ကြတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လမ်းသွားလမ်းလာလုပ်တဲ့ ပြည်သူတွေကို ပစ်သတ်ထားတာ ဟုတ်တယ်။ အခုတလော အဲဒီတစ်ဝိုက်မှာ အလောင်းတွေအရမ်းနံလာလို့  ဒေသခံတွေ၊ ရပ်မိရပ်ဖတွေ သေချာသွားပြောပြီး သွားကောက်ခဲ့တာပေါ့။”လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။

အသတ်ခံထားရတဲ့ အလောင်း ၄ လောင်းအထဲ အမျိုးသမီးအလောင်း တစ်လောင်းပါဝင်နေပြီး အဲဒီအမျိုးသမီးရဲ့ အင်္ဂါကိုလည်း ရက်ရက်စက်စက် ဖျက်ဆီးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲနေတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက  သတ်ဖြတ်ပြီးအလောင်းတွေကို ပစ်ထားတာဖြစ်တယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အသတ်ခံရတဲ့ဒေသခံပြည်သူ ၄ ဦးဟာ ဘယ်အချိန်မှာ ဘာကြောင့်အသတ်ခံရတယ်ဆိုတာကို သေချာမသိရသေးဘူးလို့လည်း နောက်ထပ်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

စစ်ကော်မရှင်စစ်ကြောင်း လုံးခင်းကျေးရွာဘက် ဝင်ရောက်လာတဲ့အချိန်ကစပြီး အသတ်ခံထားရတဲ့ ဒေသခံပြည်သူ ၅ ဦးထက်မနည်းရှိနေပြီး လုံးခင်းကျေးရွာက နေရာတချို့တွေမှာ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ နေရာယူတပ်စွဲထားကြတာ ဖြစ်ပါတယ်။ 

ဖားကန့်ဒေသမှာ နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ရဲ့ လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်မှုတွေ ရှိနေသလို ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်ကော်မရှင်ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း တက်လာကြတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...