စစ်အုပ်စုကို ဖိအားတိုးပေးရန် ကရင်အရပ်ဖက်အဖွဲ့များ တောင်းဆို

စစ်အုပ်စုကို ဖိအားတိုးပေးရန် ကရင်အရပ်ဖက်အဖွဲ့များ တောင်းဆို

ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်လာသဖြင့် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်ရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်-KPSN နှင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ ဧပြီလ(၂၀)ရက်နေ့၊ ထုတ်ပြန်ချက်ဖြင့် တောင်းဆိုသည်။

ပြီးခဲ့သည့် ဧပြီ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အတွင်း လေကြောင်းအသုံးပြုပြီး စစ်အုပ်စုက မူတြော်ခရိုင်ရှိ ကျေးရွာ(၄)ရွာသို့ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် အရပ်သား (၄)ဦးသေဆုံးပြီး (၁၄)ဦးထိခိုက်ဒဏ်ရာရရှိ၍ လူနေအိမ်၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးမှုရှိသည့်အပေါ် ကျူးလွန်သူစစ်အုပ်စုကို အရေးယူရန် ကရင်အရပ်ဖက်အဖွဲ့များက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့နိုင်ငံက ယူကရိန်းတို့ အီရန်တို့နဲ့မတူဘူး။ စီးပွားရေးအရ နိုင်ငံတကာက ဟိုဘက်ကိုပဲဦးစားပေးတယ်။ မြန်မာနိုင်ငံလည်း ဦးစားပေးရမယ့်အရာလို့မြင်တယ်။ ဒါကြောင့် နိုင်ငံတကာကို ခဏခဏတောင်းဆိုရတယ်။ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်နေတဲ့ဟာတွေကို နိုင်ငံတကာကသတိပြုဖို့ ဦးစားပေးဖို့ ကျနော်တို့ မျှော်လင့်ပြီးတောင်းဆိုတာဖြစ်တယ်”ဟု KPSN မီဒီယာတာဝန်ခံ စောအက်ဒဝါဒ်က ပြောသည်။

ထို့အပြင် အတုယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က သမ္မတရာထူးကို တရားမဝင်ရယူပြီး အာဏာလွှဲပြောင်းခဲ့သော်လည်း အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများက ပိုမိုဆိုးရွားလာကြောင်း အရပ်ဖက်အဖွဲ့များက ထုတ်ပြန်ချက်တွင် ထောက်ပြသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်အုပ်စုအပေါ် ဖိအားတိုးမြှင့်ပေးရန်အရေးကြီးသလို လက်နက်ရောင်းဝယ်မှုကိုပိတ်ဆို့ရန်နှင့် လေယာဉ်ဆီရရှိမှုအပေါ်ပိတ်ပင်ရန်ကိုပါ ချက်ချင်းလုပ်ဆောင်ရန်လိုအပ်သည်ဟု ဖြည့်စွက်တောင်းဆိုထားသည်။

အလားတူ အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခံရမှုအတွင်း ရှောင်တိမ်းနေရသည့်လူထုအတွက် အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေပြီး နိုင်ငံတကာအလှူရှင်များက နယ်စပ်ဖြတ်ကျော်အကူအညီရရှိရေး ဦးစားပေးလုပ်ဆောင်ရမည်ဟု ဆိုသည်။

မူတြော်ခရိုင်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်းရှိ၍ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ကရင်တပ်များနှင့်တော်လှန်ရေးအင်အားစုများက တဖက် စစ်အုပ်စုကတဖက် ထိတွေ့တိုက်ပွဲများ ယနေ့တိုင်ဖြစ်ပွားလျက်ရှိသော နယ်မြေဖြစ်သည်။

နယ်မြေအတွင်း စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့်လူထုကို တိုက်ခိုက်မှုအပေါ် ကေအဲန်ယူဘက်က ပြီးခဲ့သည့် (၁၈)ရက်နေ့၊ ထုတ်ပြန်ချက်တွင် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ ထို့အတူ အာဆီယံနှင့်နိုင်ငံတကာအနေဖြင့် စစ်ရာဇဝတ်မှုများကို မတားဆီးဘဲနှုတ်ဆိတ်နေခြင်းက ကျူးလွန်မှုကိုအားပေးကူညီရာရောက်၍ မျက်ကွယ်မပြုကြရန် ကေအဲန်ယူက တောင်းဆိုတိုက်တွန်းခဲ့သည်။

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...