ကေအဲန်ယူ၏ ဖားအံခရိုင်အကျဥ်းထောင်မှ အကျဥ်းသား(၃၈)ဦး လွတ်ငြိမ်းခွင့်ရ

ကေအဲန်ယူ၏ ဖားအံခရိုင်အကျဥ်းထောင်မှ အကျဥ်းသား(၃၈)ဦး လွတ်ငြိမ်းခွင့်ရ
Photo: KNU
Photo: KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ အကျဥ်းကျခံနေရသူ (၃၈)ဦးမှာ သက်ဆိုင်ရာခေါင်းဆောင်၊ တာဝန်ရှိသူအမိန့်ဖြင့် ပြီးခဲ့သည့် ဧပြီ(၆)ရက်နေ့က လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း ခရိုင်၏ ယနေ့ ဧပြီ(၉)ရက် ထုတ်ပြန်ချက်အရ သိရသည်။

မိသားစုအချင်းချင်းပြန်လည်ပေါင်းစည်းစေရန်ဟုဆိုကာ ကေအဲန်ယူဖားအံခရိုင်က ကျန်းမာရေးချို့တဲ့သူ၊ အသက်အရွယ်ကြီးပြီး အကျင့်စာရိတ္တကောင်းမွန်သူ အကျဥ်းသူ (၃)ဦး၊ အကျဥ်းသား (၃၅)ဦးကို ထောင်မှလွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

လွတ်ငြိမ်းခွင့်ပေးသည့်အခမ်းအနားကို ဧပြီ(၆)ရက်နေ့က ဖားအံခရိုင်တစ်နေရာတွင် ပြုလုပ်ကျင်းပသွားခြင်းဖြစ်ပြီး ကေအဲန်ယူ၏ဖားအံခရိုင်အတွင်းရေးမှူး ပဒိုစောဘာဒီဖိုး၊ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တပ်ဖွဲ့မှူး ဗိုလ်စောမောင်ကြည်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်ပါ ဓာတ်ပုံမှတ်တမ်းအရ သိရသည်။

အခမ်းအနားတွင် လွတ်ငြိမ်းခွင့်ရသူများ ထပ်မံပြစ်မှုကျူးလွန်မှုမရှိစေရန် မှာကြားခဲ့သလို နေရပ်ပြန်ရေး ခရီးစရိတ်နှင့် စားစရိတ်အပြင် ဘေးကင်းလုံခြုံရေးကိုလည်း ဆောင်ရွက်ပေးခဲ့သည်ဟု ကေအဲန်ယူ-ဖားအံခရိုင်က ဆိုသည်။

ကေအဲန်ယူ၏ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဥ်းဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တပ်မဟာ(၃) ဒူးသထူခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင်တို့ရှိ အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရသူ စုစုပေါင်း (၁၃၃)ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့သေးသည်။

ထို့ကြောင့် ကေအဲန်ယူက တရားဝင်ကြေညာထားသော စာရင်းအရ ယခုနှစ်အတွင်း အကျဥ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ရသူ ခရိုင်(၃)ခုပေါင်း အကျဥ်းသူ၊ အကျဥ်းသား (၁၇၁)ဦး ရှိပြီဖြစ်သည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...