စစ်တွေထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတွင် လက်နက်ကြီးကျည်များကျရောက်

စစ်တွေထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတွင် လက်နက်ကြီးကျည်များကျရောက်

နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်  လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီး စစ်တွေထောင်အနီးတွင် ကျရောက်ခဲ့သော လက်နက်ကြီးကျည်မှာ  မပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အချိန်ခန့်က စစ်တွေထောင်မြောက်ဘက်တွင် မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့သည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ထောင်မြောက်ဘက်၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့လမ်းနားမှာကျတာပါ။ကွန်ပျူတာတက္ကသိုလ်ဘက်ခြမ်းတော့ မဟုတ်ဘူး။ ထောင်ဘက်ခြမ်း၊ သင်္ကန်းပင်နားမှာကျတာပါ။ အလုံးလိုက်ကျတာပါ။ မပေါက်ခဲ့ဘူး။ လူတွေလည်း ဘာမှမဖြစ်ခဲ့ကြပါ” ဟုပြောသည်။

ထို့အပြင် စစ်တွေရဲတပ်ရင်း ၁၂ အနီး သံတော်လီကျေးရွာဝင်ဝလယ်ကွင်းပြင်တွင်လည်းလက်နက်ကြီးအပိုင်းအစကျရောက်ခဲ့ကြောင်း နောက်ထပ်မြို့ခံတစ်ဦးက‌ ပြောသည်။

“ လက်နက်ကြီးကျလို့ မီးခိုးတွေထွက်နေတာမြင်လိုက်ရတယ်။ လူတွေတော့ ဘာမှမဖြစ်ကြဘူး။ အဲနားကလူတွေကတော့ လက်နက်ကြီးကျည်နောက်ဘက်က ဒလက်လိုမျိုးကျတာလို့ပြောကြတယ်” ဟုပြောသည်။

စစ်တွေတွင် ဧပြီလ ၈ ရက်က လက်နက်ကြီးကျည်ပစ်ခတ်သည့်အသံများကိုကြားခဲ့ကြရပြီးစစ်ကော်မရှင်တပ်ဘက်ကပစ်ခတ်ခြင်းလား၊ အာရက္ခတပ်တော်(AA) ဘက်ကပစ်ခတ်ခဲ့ခြင်းလားဆိုသည်ကိုမူ မသိကြဟု ဒေသခံများက ပြောသည်။

“ ဧပြီလ ၈ ရက် ညအချိန်ကလည်း ခလရ (၂၀) ဘက်က လက်နက်ကြီးပစ်ခတ်တဲ့ အသံတွေကို ကြားခဲ့ရတယ်။ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာတော့ မသိဘူး။  အသံတွေကိုကြားခဲ့ရတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့အပေါ်ဘက်မှ  ဧပြီလ ၉ ရက်တွင် စစ်ကော်မရှင်ဂျက်တိုက်လေယာဥ်ဝဲပျံခဲ့ကာပေါက်တောဘက်သို့ဗုံးကြဲချခဲ့သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါဖြစ်စဥ်များကြောင့် စစ်တွေဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု သိရသည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...