ဗိုလ်ချုပ်ကြီးဂွန်မော် နမ့်ဖတ်ကာက ဒေသခံတွေနဲ့တွေ့ဆုံ

ဗိုလ်ချုပ်ကြီးဂွန်မော် နမ့်ဖတ်ကာက ဒေသခံတွေနဲ့တွေ့ဆုံ
ပုံဟောင်းဖြစ်ပါသည်
ပုံဟောင်းဖြစ်ပါသည်

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ KIA သိမ်းပိုက်ထားတဲ့ နမ့်ဖတ်ကာကို ရောက်ရှိချိန် ခွဲခြားဆက်ဆံမှုမရှိဘဲ အတူတကွယှဉ်တွဲ နေထိုင်ဖို့ ပြောဆိုသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နမ့်ဖတ်ကာဒေသဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်တဲ့အတွက် တိုင်းရင်းသား စာပေယဉ်ကျေးမှုနဲ့ တိုင်းရင်းသားလူမျိုးတွေကို တန်းတူညီမျှ ယှဉ်တွဲနေထိုင်ရေး ဦးတည်သွားဖို့ ပြောဆိုခဲ့တာလို့ နမ့်ဖတ်ကာဒေသခံတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"တိုင်းရင်းသားစာပေယဉ်ကျေးမှုနဲ့ တိုင်းရင်းသားလူမျိုးတွေကို နမ့်ဖတ်ကာမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ အားလုံးကို အတူတကွ ယှဉ်တွဲနေထိုင်တဲ့ ဖက်ဒရယ်စနစ်ကိုသွားဖို့ပြောတာဟုတ်တယ်" လို့ အဲဒီဒေသခံက ပြောပါတယ်။

နမ့်ဖတ်ကာဦးဆောင်ကော်မတီနဲ့ အသင်းတော်တွေက ဆရာတွေအပြင် အုပ်ချုပ်ရေးအဖွဲ့က လူတွေနဲ့ ဧပြီ ၄ ရက်နေ့ညက တွေ့ဆုံခဲ့သလို ဧပြီလ ၅ ရက်နေ့မှာတော့ KBC အသင်းတော်မှာ ဘုရားကျောင်းတက်ပြီး အဲဒီနောက်မှာလည်း ဒေသခံတချို့နဲ့ ပြောဆိုတာ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းက တိုင်းရင်းသား ကျောင်းအသီးသီးကိုလည်း အသိအမှတ်ပြုသလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း အထူးအလေးပေးပြောဆိုသွားတာရှိတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

"ပလောင်က TLEC ပဲတက်ရတယ်။ ကိုးကန့်က သူတို့ဖွင့်ထားတဲ့ကျောင်းမှာပဲတက်ရတယ်။ ကချင်တွေက KEG ကျောင်းပဲတက်ရတယ်ဆိုတာမျိုးမဟုတ်ဘဲ ပြည်သူတွေလည်း ကိုယ်ကြိုက် နှစ်သက်တဲ့ကျောင်းကို ရွေးချယ်ပြီးတက်ရောက်နိုင်တယ်။ နမ့်ဖတ်ကာကို KIA ကတိုက်ပြီး အုပ်ချုပ်ထားတဲ့နေရာမို့လို့ တခြားအဖွဲ့အစည်းရဲ့ ကျောင်းမဖွင့်ရဘူးဆိုတာမျိုးမဟုတ်ဘဲ အားလုံး ဖွင့်လို့ရတယ်။ ကိုယ်ပိုင်ကျောင်းတွေဖွင့်မယ်ဆို လည်းရတယ်။ ပညာရေးမို့လို့ အခွင့် ပေးထားတယ်။ အဓိက သူက ပညာရေးနဲပတ်သက်ပြီး အရမ်းပြောသွားတယ်"လို့ ဒေသခံက ပြောပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာကျင်းပတဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ အွန်လိုင်းကနေတစ်ဆင့် မိန့်ခွန်းပြောဆိုချိန်တုန်းကလည်း ကြားကာလ ပြီးဆုံး သွားတဲ့အခါ စာသင်ကျောင်းတွေမှာ မျိုးနွယ်စုတွေရဲ့ မိခင်ဘာသာစကား သင်ကြားနိုင်ဖို့ မူဝါဒရေးဆွဲတာတွေ ရှိနေပြီလို့ ဗိုလ်ချုပ်ကြီးဂွမ်မော်က ထည့်သွင်းပြောဆိုမှု ရှိခဲ့ပါသေးတယ်။

အခုလို KIA ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာကိုလာပြီး ဗိုလ်ချုပ်ကြီးဂွန်မော်က ဒေသခံတွေနဲ့ လာတွေ့ဆုံတာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ နမ့်ဖတ်ကာကိုရောက်တဲ့အချိန် ကိုးကန့်အဖွဲ့ (MNDAA) နဲ့လည်း တွေ့ဆုံတာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဗိုလ်ချုပ်ကြီးဂွန်မော်ဟာ ရှမ်းမြောက်က ကချင်လွတ်လပ်ရေးတပ်မဟာဒေသတွေဘက် သွားရောက်တာ မှန်ကန်ပေမဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာတော့ အတိအကျမသိရှိရသေးဘူးလို့ ပြောပါတယ်။

နမ့်ဖတ်ကာကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း KIO အုပ်ချုပ်ရေးနဲ့ နမ့်ဖတ်ကာ ယာယီအုပ်ချုပ်မှုကော်မတီတို့ရှိခဲ့ပေမဲ့ ၂၀၂၆ ၊ဇန်နဝါရီလကစပြီး နမ့်ဖတ်ကာ ဦးဆောင်မှု ကော်မတီအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

ဒီဦးဆောင်မှုကော်မတီရဲ့ ခေါင်းဆောင်ကိုလည်း ကျေးရွာက ရွေးကောက်ထားတာ ဖြစ်ပြီး ဒီကော်မတီမှာ တရုတ်၊ ရှမ်း၊ ပလောင်၊ ဗမာ စတဲ့တိုင်းရင်းသား လူမျိုးတွေလည်း ပါဝင်သလို ဒီကော်မတီဟာ နမ့်ဖတ်ကာဒေသရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကော်မတီဖြစ်တယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာဒေသကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ နမ့်ဖတ်ကာဒေသမှာ အိမ်ခြေ ၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...
April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...
April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...