MNDAA ကို ဆန္ဒပြနေသည့်သတင်းအမှား

MNDAA ကို ဆန္ဒပြနေသည့်သတင်းအမှား

ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား တအာင်း (ပလောင်) နယ်မြေအတွင်းမှ ထွက်ခွာပေးရန်နှင့် အလိုမရှိကြောင်း ဆန္ဒပြနေကြသည်ဟုဆိုကာ လူစုလူဝေးဓာတ်ပုံများနှင့် သတင်းများ ပျံ့နှံ့နေသည်။

အဆိုပါဓာတ်ပုံကို We Are Ta’ang အမည်ရှိ အကောင့်တစ်ခုမှ မတ်လ ၂၀ ရက်နေ့တွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ပြီး reaction ပြုလုပ်သူ ၁,၅၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၁၀၀ ကျော် ရှိခဲ့သည်။

သတင်းအမှားဖြန့်ဝေသော လင့်ခ် - https://shorturl.at/1L21J

သတင်းစိစစ်ချက်

ပျံ့နှံ့နေသာ ဓာတ်ပုံများကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်ရာတွင် AI နည်းပညာကိုသုံး၍ လုပ်ကြံဖန်တီးထားသော ဓာတ်ပုံများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ဓာတ်ပုံတွင် ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်ရှိ စာသား မှားယွင်းနေခြင်း၊ လူများ၏ လက်ချောင်းများ ပုံမှန်မဟုတ်ဘဲ ပိုနေခြင်း သို့မဟုတ် ပုံပျက်နေခြင်းကို တွေ့ရှိရသည်။

၎င်းမှာ AI နည်းပညာကို သုံး၍ လုပ်ကြံဖန်တီးထားသော ဓာတ်ပုံဖြစ်ကြောင်း ခိုင်လုံသော အထောက်အထား ဖြစ်သည်။

သျှမ်းမြောက်အခြေစိုက် သတင်းဌာန ဖြစ်သော ရွှေဖီမြေသတင်းနှင့် အခြားသော လွတ်လပ်သည့် သတင်းဌာနကြီးများတွင် ယခုကဲ့သို့ အကြီးအကျယ် ဆန္ဒပြပွဲဖြစ်ပွားကြောင်း သတင်းဖော်ပြထားခြင်း လုံးဝမရှိပါ။

အဆိုပါသတင်းများကို စတင်ဖြန့်ဝေသူများသည် သတင်းဌာနအတုများ သို့မဟုတ် လူမျိုးရေးပဋိက္ခ လှုံ့ဆော်လိုသော အမည်မသိ အကောင့်များ (Fake Accounts) မှ အဓိက ဖြန့်ဝေနေခြင်း ဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် MNDAA တို့အကြား နယ်မြေအုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုနှင့် သဘောထားကွဲလွဲမှု အချို့ရှိနေသည်မှာ အမှန်ဖြစ်သော်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းယူ၍ လူမျိုးစုနှစ်ခုကြား သွေးထိုးပေးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သည်။

မူဆယ် ၁၀၅ မိုင်မှာ TNLA က တအာင်းအလံပြန်လည်လွှင့်ထူ - https://shorturl.at/ahkGX

ကိုးကန့်နဲ့ တအာင်းတပ် အပစ်ရပ်ဖို့ သဘာတူ - https://web.facebook.com/reel/2973809642810449

သုံးသပ်ချက်

ယခုပျံ့နှံ့နေသော ဓာတ်ပုံများနှင့် သတင်းအချက်အလက်အချို့မှာ သတင်းမှားနှင့် လုပ်ကြံဝါဒဖြန့်မှုသာ ဖြစ်သည်။ သတင်းအမှားဖြန့်ချိသူများမှာ လူမျိုးရေး အမုန်းစကားများ ပိုမိုပြင်းထန်လာစေရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အများပြည်သူများအနေဖြင့် ထိတ်လန့်စိုးရိမ်ဖွယ် သတင်းများကို တွေ့ရှိပါက ခိုင်လုံသော သတင်းဌာနများတွင် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ယုံကြည်ကြရန်နှင့် ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းအပ်ပါသည်။

စာဖတ်သူတွေအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် လည်းကောင်း၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည် လည်းကောင်း၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...