ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်ကျေးရွာမှ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာရှိ KK Park အွန်လိုင်းငွေလိမ်ခြံဝင်းသို့ လျှို့ဝှက်သွယ်တန်းထားသည့် အင်တာနက်ပိုက်လိုင်းကြိုးများကို ယမန်နေ့ (မတ်လ ၅ ရက်နေ့) နံနက်က ထိုင်းအာဏာပိုင်အဖွဲ့များ ဖြုတ်သိမ်းခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
သောင်ရင်းမြစ်ကြမ်းပြင်အောက်မှတစ်ဆင့် ပိုက်လိုင်းသွယ်တန်းထားသည့်နေရာ၌ အင်တာနက် အသုံးပြုမှု မြင့်မားနေသဖြင့် ထိုင်းဆက်သွယ်ရေးကုမ္ပဏီ True Telecom က ထိုင်းအာဏာပိုင်များကို သတင်းပေးပို့ခဲ့ရာမှ တာဝန်ရှိသူများက လာရောက်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ထိုင်းရဲရော စစ်တပ်ရော စက်တွေဖြုတ်နေတာတွေ့တယ်။ မြေကြီးကော်စက်နဲ့တူးပြီး ပိုက်လိုင်းတွေ၊ ကေဘယ်ကြိုးတွေ တူးထုတ်တာ။ ဟိုဘက်ကမ်းက ကျားဖြန့်ရုံဘက်ကို သောင်ရင်းမြစ်ကနေ သွယ်ထားတဲ့ ကြိုးလိုင်းတွေပေါ့။ အကုန်ဖြုတ်ပြီး ကားနဲ့သယ်သွားတယ်" ဟု မယ်တောင်ရွာအနီး တောင်ယာစိုက်ခင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။
အာဏာပိုင်သတင်းအရင်းအမြစ်များအရ အဆိုပါခြံဝင်းအဆောက်အအုံအတွင်း အင်တာနက် တပ်ဆင်သည့် စက်ပစ္စည်းများအပြင် Network Management စနစ်၊ Gateway လိုင်းခွဲစက်များကို တပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းစက်ကိရိယာများဖြင့် သောင်ရင်းမြစ်မှတစ်ဆင့် အင်တာနက်ကြိုးများကို ပိုက်လိုင်းနှင့် ဆက်သွယ်ပို့လွှတ်သည့် Relay Node အဖြစ် အသုံးပြုနေသည်ဟု ဆိုသည်။
စက်ကိရိယာများနှင့် ပိုက်လိုင်းများ ဖြုတ်သိမ်းခြင်းအပြင် နယ်စပ်ဖြတ်ကျော် အင်တာနက် သွယ်တန်းသည့်အပေါ် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း မဲဆောက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယနေ့တွင်လည်း ထိုင်းအင်တာနက်လိုင်းများ မြန်မာနိုင်ငံဘက်သို့ လွှင့်ပေးထားခြင်း၊ ကေဘယ်ကြိုးဖြင့် ဆက်သွယ်ထားခြင်းမျိုး ရှိ၊ မရှိကို မြို့နယ်အုပ်ချုပ်ရေး၊ အထူးရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်၊ ထိုင်းဆက်သွယ်ရေးနှင့် ထုတ်လွှင့်ရေးအဖွဲ့၊ အထူးစုံစမ်းရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းပြီး သောင်ရင်းမြစ်တစ်လျှောက် နေရာများ၌ စစ်ဆေးရေးလုပ်ဆောင်နေသည်ဟု သိရသည်။







