စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဗုံးသီး ၂ လုံးဖြင့် ဂိတ်နေရာအတိအကျကိုကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာ အဆောက်အဦတချို့ပျက်စီးတာတွေတော့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“တစ်လုံးကြဲပြီးတော့ ပြန်ပတ်တာ။ ပြီးမှ နောက်တစ်လုံးပြန်ကြဲတာ။ အတွင်းသတင်းပေးတာလို့ထင်တယ်။ ဘာဖြစ်လို့လဲဆို ဒေသခံဖြစ်တဲ့ကျနော်တောင် အဲ့နေရာကိုမသိဘူး။ အတိအကျလာတာဆိုတော့လေ။ ကသာစစ်ရေးကတော့ငြိမ်နေပါတယ်။ “ လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကျောက်ပုံကျေးရွာဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ကျေးရွာဖြစ်ပြီး ထီးချိုင့်မြို့နယ်နဲ့လည်း ကျေးရွာ နှစ်ရွာအကွာမှာပဲတည်ရှိတာလို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေအပါအဝင် တခြားသောစစ်ကိုင်းနဲ့ ကချင်အစပ်မှာ စစ်ရေးလှုပ်ရှားကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကသာမြို့နဲ့ထီးချိုင့်မြို့တို့ကို တစ်လအတိခြားပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာဖြစ်ပါတယ်။
ကသာမြို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ထီးချိုင့်မြို့ကိုမူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမဲ့ ယခုလ ဖေဖော်ဝါရီပထမအပတ်ကစတင်လို့ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။
“တိုက်ပွဲကငြိမ်နေတယ်လို့ပြောလို့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ထီးချိုင့်မြို့ မြောက်ပိုင်း အရှေ့ဘက်ကမ်း မှာတော့ ၁၄ ရက်နေ့က နောက်ဆုံးဖြစ်မယ်ထင်တယ်။ လက်နက်ကြီးသံတွေတခါတလေကြားရတာကလွဲရင်တော့ တိုက်ပွဲက ငြိမ်နေပါတယ်”လို့ ထီးချိုင့်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ်မှာပဲရှိတဲ့ ဗန်းမောက်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေ ၄ လကြာထိန်းချုပ်ပြီးတဲ့နောက် ၂၀၂၆ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာဘဲ စစ်ကော်မရှင်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဆီ ပြန်လည်လက်လွှတ်ထားရပါတယ်။
ကသာမြို့၊ ထီးချိုင့်မြို့ နဲ့ ဗန်းမောက်မြို့က မြို့ခံတွေအများစုကတော့ ယနေ့အထိ ဘေးလွတ်ရာတွေမှာထွက်ပြေးနေကြရပြီး မိမိနေရပ်ပြန်ဖို့အလှမ်းဝေးနေသေးတဲ့အခြေနေလည်းဖြစ်ပါတယ်။







