တောင်သူများအား စိုက်ပျိုးရာတွင်သီးစားခ မပေးရကြောင်းဆိုသည့် စာသားဖြင့် လက်မှတ်များကို ထိုးပြီး လုပ်ကိုင်စေကြောင်း ကယားပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးသဲရယ်က ပြောသည်။
“အရင်ကတည်းက ပြောထားပြီးသားပဲ။ ဒ.က.စမှူးတွေ ကော၊ ဝန်ကြီးချုပ်ကော၊ တိုင်းမှူးကော ပြောတယ်။ ဒီမြေတွေက နိုင်ငံတော်ရဲ့လိုအပ်ချက်မို့ ပြန်ပေးလို့ မရဘူး။ ဒါပေမယ့် အဆောက်ဦးတွေ မရှိဘဲ လွတ်နေတဲ့နေရာတွေမှာ လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုမယ်လို့ပြောတယ်။ ခုနောက်ပိုင်းမှာ အမှတ်(၁၄)ဧရိယာထဲမှာ ဝင်လုပ်နေတဲ့ တောင်သူတွေကို သီးစားချခ မပေးရဘဲ လွတ်လွတ်လပ်လပ် ဝင်ပြီး လုပ်ခွင့်ပေးပါတယ်ဆိုတဲ့ လက်မှတ်တွေ ထိုးခိုင်းတယ်”ဟု ၎င်းက ပြောသည်။
တပ်လေ့ကျင့်ရေးကျောင်းအတွက် တောင်သူများ၏ လယ်ယာမြေ ဧက ၁,၇၀၀ ပါသွားသည်ဟု အစိုးရဌာနဆိုင်ရာများ က ပြောဆိုထားသော်လည်း လက်တွေ့တွင် ဧက ၃,၀၀၀ ခန့် ပါရှိနေသည်ဟု သိရသည်။
ယခင်လအတွင်းတွင် အမှတ် ၅၃၂ မှ ဖရူဆိုမြို့နယ် ဆိုလျားကူးတောင်သူများအတွက် သိမ်းဆည်း ထားသည့်မြေ တစ်ဝက်ကျော်ကျော်ခန့်ကို ပြန်လည်ပေးအပ်လိုက်ခြင်းသည် အမှတ် ၁၄ စစ်ရေး လေ့ကျင်ရေး ကျောင်းသိမ်းဆည်းထားသည့် မြေယာများနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ရှိနေသည်။
တပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့် တောင်သူများက မိမိတို့၏ ဘိုးဘွားပိုင်လယ်ယာမြေအပေါ် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ဆုံးရှုံးနေမှုအပေါ်တွင် မဖြစ်သင့်ကြောင်း ကရင်နီ ပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ဦးကျော်ထင်အောင်က ပြောသည်။
ဦးကျော်ထင်အောင်က “စက်ပစ်ကွင်းတွေ သူတို့လေ့ကျင့်ရေးတွေနဲ့ ကြောင့်မို့ ကိုယ့်ဒေသမှာ ကိုယ့်တောင်ယာကို ဖြောင့်ဖြောင့်တန်းတန်း မသွားရဘဲ ခွင့်ပြုချက်တွေ ရယူရတဲ့ အနေထား ကိုယ့်မြေမှာကို လုပ်ဖို့ တောင်လက်မှတ်ထိုးရတာက ဒါ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီအပေါ်မှာ မရိုးသားဘူးလို့ မြင်တယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
သီးစားခ မပေးရသော်လည်း တောင်ယာမှ ထွက်ရှိသည့် အသီးအနှံများကို စစ်တပ်များက လာရောက်ခူးယူ စားသောက်နေကြသည်ဟု ဦးသဲရယ်က ပြောသည်။
အမှတ်(၁၄)စစ်လေ့ကျင့်ရေးကျောင်းမှ မြေယာများသိမ်းဆည်းရာတွင် ယခင်ကဒေသခံများ၏ နွားစာကျက်များ ပါဝင်သလို ယခုအချိန်ထိ ရွာသားများ၏ နွားများသည် ၎င်းစာကျက်မြေနေရာများသို့ သွားလေ့ရှိပြီး တပ်ဧရိယာထဲဝင်ရောက်ပါက နွားများကို ဖမ်းဆီးပြီး ငွေကြေးဒဏ်ရိုက်ပြီးမှ ပြန်လည် ရွေးရသည်ဟု သိရသည်။
ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့အုပ်စုတွင် အမှတ်(၁၄)စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန် အတွက် ဒေသခံများ၏ ဘိုးဘွားပိုင်မြေ စုစုပေါင်းဧက (၂,၇၀၀)ကိုသိမ်းဆည်းခဲ့ပြီး (၈၆၀)ဧကကို လျော်ကြေးငွေ တစ်ဧက (၅၀,၀၀၀)ကျပ်နှုန်းဖြင့် ပေးလျော်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် စွန့်လွတ်မြေအဖြစ် (၁၉၉.၈၆) ဧကကိုသာ ပြန်လည်ပေးအပ်ခဲ့သည်။







