နိုင်ငံရေးဖြစ်ရပ်တွေနဲ့ ထူးခြားလှတဲ့ ဖေဖေါ်ဝါရီလ

နိုင်ငံရေးဖြစ်ရပ်တွေနဲ့ ထူးခြားလှတဲ့ ဖေဖေါ်ဝါရီလ

မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်)

ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက် လူအများစုက ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ (ပင်လုံစာ ချုပ် လက်မှတ်ရေးထိုးသောနေ့)နဲ့ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တို့ကိုသာ ပိုပြီး အာရုံစိုက် ကြတာကို သတိပြုမိကြမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြီးကောင်ပေါက်များက ဖေဖေါ်ဝါရီလ ၁၄ရက် (ချစ်သူ များနေ့)ကိုသာ အရူးအမူး အသဲအသန် ဖြစ်နေကြပါတယ်။

ဖေဖေါ်ဝါရီလထဲမှာ နောက်ထပ် အလေးထားရမယ့် နေ့ရက်တွေကတော့ ဖေဖေါ်ဝါရီလ ၅ရက်နေ့ဟာ (ကရင် အမျိုးသားအစည်းအရုံး – KNU စတင်ထူထောင်သောနေ့)၊ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့ဟာ (ကရင်အမျိုးသားနေ့)နဲ့ (ကချင်လွတ်လပ်ရေးတပ်မတော် KIA စတင် ဖွဲ့စည်းသောနေ့)တို့ ဖြစ်ပါတယ်။

KNU ကို ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာမို့ ယခုအခါ ၇၉နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့ “ကရင်အမျိုးသားနေ့” ဟာလည်း ၂၀၂၆ ခုနှစ်မှာ (၇၈)နှစ်ပြည့်ခဲ့ပါပြီ။

KIA ကိုတော့ ၁၉၆၁ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာပါ။ ဒီနှစ်မှာဆိုရင်တော့ KIA ထူထောင်ခဲ့တာ (၆၅)နှစ်ပြည့်ပါပြီ။

ဖေဖေါ်ဝါရီလ ၇ရက်ကတော့ နောက်ပိုင်းမှာ “ရှမ်းပြည်နယ်နေ့”အဖြစ် အစိုးရအဆက်ဆက်က ကျင်းပခဲ့ပါ တယ်။ ဒီဆောင်းပါးမှာ ရှေ့ရှုတင်ပြမယ့် အကြောင်းအရာက ဖေဖေါ်ဝါရီလ ၇ရက်နေ့ သမိုင်းကြောင်းနဲ့ မျက်မှောက် ကာလအခြေအနေကို ဆက်စပ်သုံးသပ်တင်ပြဖို့ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၇ရက်နေ့ဟာ နောင်မှာ ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ (ဝါ) “ပြည်ထောင်စုနေ့” အဖြစ် ခေါ်ဝေါ် သတ်မှတ်လာကြတဲ့ နေ့ရက်ဖြစ်ပေါ်လာစေဖို့ အခြေခံကျတဲ့နေ့ရက်တစ်ခုပါပဲ။

သမိုင်းကြောင်းကို အနည်းငယ်လောက် ပြန်ကောက်ကြောင်းဖော်ကြည့်ကြရင် အောင်ဆန်း – အက်တလီစာ ချုပ်ရဲ့ နောက်ဆက်တွဲကိစ္စဖြစ်တဲ့ တစ်နည်းအားဖြင့် “တောင်တန်းနဲ့ပြည်မ” တစ်ပြိုင်နက်ထဲ အတူတကွ လွတ်လပ် ရေး ယူ/မယူ ဆိုတဲ့ အဆုံးအဖြတ်ကိစ္စအတွက် အင်မတန် အရေးကြီးတဲ့နေ့ရက်ဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့သမားက “တောင်တန်းဒေသတွေ”ကို “ဒိုမီနီယံ”နဲ့ဆွယ်ပြီး ပြည်မနဲ့ လွတ်လပ်ရေး တစ်ပြိုင်နက်ထဲ အတူတကွ မယူကြဖို့ သွေးခွဲ ခြေထိုးနေချိန်လည်း ဖြစ်ပါတယ်။ ပရိယာယ်ကြွယ်လှတဲ့ ဗြိတိသျှနယ်ချဲ့သမားရဲ့ ဆွယ်လုံးတွေအောက်မှာ တောင် တန်းသားတချို့နဲ့ တွေဝေမိန်းမောနေကြချိန်ဖြစ်ပါတယ်။

စော်ဘွားတချို့က အောင်ဆန်း – အက်တလီစာချုပ် ချုပ်ဆိုတဲ့အချိန် (၁၉၄၇ ဇန်နဝါရီလ) လန်ဒန်သို့ ကြေးနန်း ရိုက်ပြီးတော့ ကန့်ကွက်ခဲ့ကြတာပါ။

သို့သော်လည်း ထိုစဉ်က ရှမ်းပြည်နယ်ရဲ့ အဓိကရှေ့ဆောင် နိုင်ငံရေးပါတီသဖွယ်ဖြစ်တဲ့ ဦးထွန်းမြင့်၊ ဦးတင်အေးတို့ခေါင်းဆောင်တဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ)ရဲ့ ရှေ့ဆောင်စည်းရုံးမှုတွေဟာ သိပ်ကိုအခရာ ကျပါတယ်။

ပရိယာယ်ကြွယ်လှတဲ့ ဗြိတိသျှနယ်ချဲ့သမားရဲ့ ဆွယ်လုံးတွေအကြားမှာ သို့လော သို့လော တွေဝေနေတဲ့ တောင်တန်းသားအချို့ဟာ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ)ရဲ့ စည်းရုံးမှု၊ ဖျောင်းဖျမှုအောက်မှာ တစတစ အမြင်ကြည်လင်လာကြပါတယ်။

ဒီလိုနဲ့ လိပ်ခဲတည်းလည်းရှိနေတဲ့ အနေအထားကနေ ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ရက်ကနေ ၆ရက်နေ့အထိ ရှမ်းပြည်ပဒေသရာဇ်စော်ဘွားတွေနဲ့ (ရပလ)က အမှူးပြုတဲ့ ရှမ်းပြည်လူထုကိုယ်စားလှယ်တွေပါဝင်တဲ့ ဆွေးနွေးပွဲကို အကြိတ်အနယ်ကျင်းပခဲ့ကြပြီး “ဖေဖေါ်ဝါရီလ ၇ရက်နေ့”မှာ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်တွေဟာ ပြည်မနဲ့ အတူ တကွ တစ်ပြိုင်နက်ထဲ လွတ်လပ်ရေးယူကြမယ်လို့ ဆုံးဖြတ်ကြပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရှမ်း၊ ကချင်၊ ချင်းတို့ရဲ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့ အဆုံးအဖြတ်ဟာ ပင်လုံစာချုပ်ချုပ်ဆိုဖို့ (ဝါ) တောင်တန်း ပြည်မ အတူတကွ တစ်ပြိုင်နက်ထဲ လွတ်လပ်ရေးယူမယ်ဆိုတဲ့ လမ်းကြောင်းဟာ ဖြောင့်ဖြူးသွားပါတယ်။ ဒီသမိုင်း ဝင်အဆုံးအဖြတ်ကို ချမှတ်နိုင်အောင် ကြိုးပမ်းစည်းရုံးခဲ့ကြတဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်(ရပလ)နဲ့ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို အုပ်စိုးသူအဆက်ဆက်က “ရှမ်းပြည်နယ်နေ့” ဆိုတဲ့ စကားလုံးနဲ့ နှစ်ပေါင်း များစွာ မှေးမှိန်ဖုံးကွယ်ထားခဲ့ကြပါတယ်။

ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်တွေ ဖေဖေါ်ဝါရီလ ၇ရက်နေ့မှာ လက်မှတ်ရေးထိုးတာဖြစ်စေ ဗိုလ်ချုပ် အောင်ဆန်း(ပြည်မကိုယ်စားပြု)နဲ့ တောင်တန်းသားတွေ (ရှမ်းပဒေသရာဇ်စော်ဘွားတွေ၊ ရှမ်းပြည်လူထုကိုယ်စား လှယ်တွေ၊ ကချင်၊ ချင်း ကိုယ်စားလှယ်တွေ) ဖေဖေါ်ဝါရီလ ၁၂ရက်နေ့မှာ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတာဟာ “ဗမာ(မြန်မာ)”တွေရဲ့ လက်အောက်မှာ အုပ်စိုးခံဘဝမှာနေဖို့ (လုံးဝ) မဟုတ်ပါဘူး။ လွတ်လပ်ရေးကို အတူတကွ တစ်ပြိုင်နက်ထဲယူကြပြီး လွတ်လပ်ပြီးနောက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို တန်းတူရည်တူ အတူတကွ ဆက်လက် ကြိုးပမ်းကြဖို့ ဖြစ်ပါတယ်။ လွတ်လပ်ရေးအရသာကို တန်းတူ ခံစားကြဖို့ ဖြစ်ပါတယ်။

သို့သော်လည်း (ပြည်မကိုယ်စားပြု) အဓိကခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကက်ဘိနက်အဖွဲ့ဟာ နယ်ချဲ့ သမားက မွေးမြူထားတဲ့ လက်ကိုင်တုတ်တွေရဲ့ သတ်ဖြတ်မှုကြောင့် (၁၉၄၇ ဇူလိုင်လ ၁၉ရက်နေ့မှာ) ကွယ်လွန်သွား ကြရပါတယ်။ လွတ်လပ်ရေးက (၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့မှာ) ရရှိပါတယ်။

အာဏာရလာတဲ့ (ဖဆပလ) ဦးနု အစိုးရလက်အောက်မှာ လွတ်လပ်ရေးရပြီး ၃လမျှ မကြာခင် (၁၉၄၈ ခုနှစ် မတ်လမှာ)ပဲ ပြည်တွင်းစစ်ကြီး ပေါက်ကွဲလာခဲ့ပါတော့တယ်။

ဗြိတိသျှကိုလိုနီလက်အောက်က တောင်တန်းနဲ့ပြည်မ အတူတကွ လွတ်လပ်ခဲ့ကြပေမယ့် အာဏာရရှိလာတဲ့ (ဖဆပလ) အစိုးရအုပ်စိုးမှုနဲ့ ပေါက်ကွဲလာတဲ့ “ပြည်တွင်းစစ်”အောက်မှာ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က ရည်မှန်းခဲ့ကြ တဲ့ “ပြည်ထောင်စု”ဟာ တင်းပြည့်ကျပ်ပြည့် မဟုတ်တော့ဘဲ “ဖားတစ်ပိုင်းငါးတစ်ပိုင်း ပြည်ထောင်စု”အဖြစ် ပုံပေါ် လာပါတော့တယ်။

အဲဒီလို “ဖားတစ်ပိုင်းငါးတစ်ပိုင်း ပြည်ထောင်စု”အနေအထားကနေ “စစ်မှန်တဲ့ပြည်ထောင်စု”ကို ဖော်ဆောင် နိုင်ဖို့ (ထိုစဉ်က)တရားဝင်ဥပဒေဖြစ်တဲ့ ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့အညီ ရှမ်းပြည်နယ်က လူမျိုးစု ခေါင်းဆောင်များက ဦးဆောင်ပြီး ကျန်တိုင်းရင်းသားလူမျိုးစုများနဲ့ ညှိနှိုင်းဆွေးနွေးကာ ရှမ်းမူ (ဝါ) ပြည်ထောင်စုစစ်မူ သို့မဟုတ် ၈ပြည်နယ်မူကို တရားဥပဒေဘောင်ထဲကနေ မဆုတ်မနစ် ကြိုးပမ်းတင်ပြခဲ့ကြပါတယ်။ ထိုစဉ်က ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ အာဏာရရှိလာတဲ့ ဝန်ကြီးချုပ် ဦးနုရဲ့(ပထစ)အစိုးရကလည်း ရှမ်းပြည်နယ်က တင်ပြတဲ့ “ဖက်ဒရယ်မူ”ကို လက်ခံညှိနှိုင်း ဆွေးနွေးနေခဲ့ကြပါတယ်။

သို့သော်လည်း အကွက်ချောင်းနေတဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့် ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကနေ ဥပဒေနဲ့အညီ “ပြည်ထောင်စုစစ်စစ်” ဖြစ်လာစေဖို့၊ ပြင်ဆင်ပေးဖို့ တင်ပြနေတဲ့ “ဖက်ဒ ရယ်မူ”တင်ပြချက်ဟာ သဲထဲရေသွန်သကဲ့သို့ ဖြစ်ရုံတင်မကဘဲ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အာဏာသိမ်းမှုအတွက် လုပ်ကြံအကြောင်းပြစရာ၊ “ခွဲထွက်ရေး”ဆိုပြီး လုပ်ကြံသရုပ်ဖျက်စရာ အကြောင်းအရာနဲ့ခေါင်းစဉ် ဖြစ်သွားစေပါ တော့တယ်။

၁၉၆၀ပြည့်နှစ်ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ (ပထစ) အစိုးရ၊ ၁၉၄၇ခုနှစ် အခြေခံဥပဒေနဲ့ လူမျိုးစုများရဲ့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး ကြိုးပမ်းမှုတို့ဟာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ (တော်လှန်ရေး ကောင်စီ) စစ်အုပ်စုက အလွယ်တကူ ဖျက်သိမ်းပစ်တာကို လည်စင်းပေးရသလို ခံလိုက်ကြရပါတော့တယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်တပ်ကို ချုပ်ကိုင်ထားနိုင်တဲ့ စစ်အုပ်စုဟာ အစိုးရအဖွဲ့ကို အလွယ်တ ကူဖမ်းဆီးပြီး အချိန်မရွေး နိုင်ငံရေးအာဏာသိမ်းနိုင်တယ်။ “ပါတီစုံဒီမိုကရေစီစနစ်” (ထိုစဉ်က ပါလီမန်ဒီမိုကရေစီ) အလွယ်တကူ ဖျက်သိမ်းပစ်နိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စက္ကူစုတ်သဖွယ် လုပ်ပစ်နိုင်တယ်။ ဘယ်လိုအာမခံ ချက်မျှမရှိဘူး။ ဘယ်လိုနည်းနဲ့မှ အကောင်အထည်ဖော်လို့ မရနိုင်ဘူးဆိုတာကို အထင်အရှား သက်သေခံနေတဲ့ သမိုင်း ဖြတ်သန်းမှုထဲက လက်တွေ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

အဲဒီသမိုင်းဖြတ်သန်းမှုထဲက လက်တွေ့အချက်အလက်တွေဟာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ (တော်လှန်ရေး ကောင်စီ – စစ်အုပ်စု) အာဏာသိမ်းပိုက်ချိန် (၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်နေ့)ကနေစတင်လို့ ဒီနေ့ မျက်မှောက်ခေတ် [နှစ် ပေါင်း (၆၀)ကျော်ကာလအတွင်း အမည်အမျိုးမျိုးနဲ့ စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှု]အထိ သမိုင်းဖြစ်စဉ်ဖြစ်ရပ်တွေ နဲ့ နှိုင်းယှဉ်ဆန်းစစ် သုံးသပ်ကြည့်ရင်လည်း ဆက်လက်ပြီး မှန်ကန်နေဆဲဖြစ်တာကို တွေ့နိုင်ပါတယ်။

၁၉၆၂ ခုနှစ်က ၂၀၂၆ ခုနှစ်အထိ သမိုင်းလက်တွေ့ဖြတ်သန်းမှုထဲမှာ

– ပြည်တွင်းစစ်ဟာ သွေးရိုးသားရိုး မရပ်စဲနိုင်ဘဲ ဆက်လက် ရှည်ကြာမြဲ ရှည်ကြာနေတယ်။

– တစ်ပါတီအာဏာရှင်စနစ် (ဝါ) မဆလ တစ်ပါတီစနစ်ကိုလည်း စစ်အုပ်စုက (၁၉၇၄ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ) ဖန်တီးအုပ်ချုပ်ခဲ့တယ်။

– ၂၀၀၈ အခြေခံဥပဒေကို စစ်အုပ်စုက စိတ်ကြိုက်ရေးအဓမ္မ အတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၀ပြည့်နှစ်ကစလို့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီ”ဆိုတဲ့ အတုအယောင်ပါတီစုံနဲ့ လှည့်စားသရုပ်ဖျက်တာကို တိုင်းပြည်နဲ့လူထု က ရင်ဆိုင်နေရဆဲဖြစ်တယ်။

– “ဖက်ဒရယ်”ကတော့ ဗိုလ်နေဝင်းခေတ်ကလို “ခွဲထွက်ရေး”လို့ သရုပ်ဖျက်မခံရတော့ဘဲ “ဒေသကိုအခြေခံတဲ့ မြန်မာ့ နည်းမြန်မာ့ဟန်ဖက်ဒရယ်”အဖြစ် စစ်အုပ်စုရဲ့ ဗန်းပြလှည့်စားအသုံးတော်ခံစရာ ခေါင်းစဉ်ဖြစ်လာပါတယ်။ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးဟာ ဝေးနေဆဲဖြစ်တယ်။

– တိုင်းပြည်နဲ့ပြည်သူဟာ ဆင်းရဲမွဲပြာကျနေပြီး စစ်အုပ်စုဝင်ဗိုလ်ချုပ်ကြီးတွေနဲ့ မိသားစုများကတော့ ထားစရာမရှိ အောင် ကြွယ်ဝချမ်းသာနေကြတယ်။

– အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲရလဒ်တို့ဟာ စစ်အုပ်စုရဲ့ လက်ခုပ်ထဲမှာ အချိန်မရွေး သွန်လိုသွန် မှောက်လိုမှောက်နိုင်တဲ့အရာ ဖြစ်နေတယ်။

– စစ်အုပ်စုထိပ်သီး (ကာချုပ်)တစ်ယောက်ထဲရဲ့ ရွေးချယ်မှုနဲ့ “လွှတ်တော်ထဲသို့” စစ်ဗိုလ် (ပြည်သူ့လွှတ်တော် ၁၁၀ + အမျိုးသားလွှတ်တော် ၅၆ = ၁၆၆) ယောက် စိတ်ကြိုက် စေလွှတ်နိုင်တယ်၊ အချိန်မရွေး ပြန်လည်ခေါ်ယူနိုင်တယ်/ လဲလှယ်အစားထိုးနိုင်တယ်။

– အစိုးရအုပ်ချုပ်ရေးမှာလည်း သမ္မတတစ်ဦး (ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေး) ဝန်ကြီးဌာန ၃ခုအတွက် ဝန်ကြီးတစ်ဦးစီကို စစ်အုပ်စု(ကာချုပ်) အလိုကျ ခန့်အပ်နိုင်တယ်။

– ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ “အတိုင်ပင်ခံကောင်စီဥပဒေ” ပြဋ္ဌာန်းထားပြီး “ပြည်ထောင်စုလုံခြုံ ရေးနှင့်တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြဋ္ဌာန်းရေး”စတဲ့ သော့ချက်ကျတဲ့ကိစ္စ ရပ်များကို ချုပ်ကိုင်စီမံနိုင်ဖို့ အနည်းဆုံး လူ ၅ဦး ပါဝင်တဲ့ “အတိုင်ပင်ခံကောင်စီ” ဖွဲ့စည်းဖို့လည်း လုပ်ဆောင်ထားပြီး ဖြစ်တယ်။

– ဒါ့အပြင် ပြည်တွင်းစစ် ဆက်လက်ရှည်ကြာနေပြီး စစ်အုပ်စုပဲ ပုံစံအမျိုးမျိုး နာမည်အမျိုးမျိုးနဲ့ ဆက်လက် မင်းမူနေ မယ်၊ ၂၀၀၈အခြေခံဥပဒေ တည်မြဲနေမယ်ဆိုရင် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းပစ်တာ၊ နိုင်ငံရေးပါတီ ဖျက်သိမ်းပစ် တာနဲ့ အာဏာသိမ်းပိုက်တာ တစ်ခု မဟုတ် တစ်ခု (သို့မဟုတ်) အားလုံးကို တပြိုင်နက်တည်း အချိန်မရွေးခံကြရမှာပဲ ဖြစ်ပါတယ်။

ဗိုလ်နေဝင်းဦးဆောင်တဲ့ (မဆလ)စစ်အုပ်စုရဲ့ တစ်ပါတီစနစ် ၁၉၇၄အခြေခံဥပဒေဘောင်ထဲမှာ ကရင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ချင်းဝိသေသတိုင်းက “ချင်းပြည်နယ်” ဖြစ်လာခဲ့ပါတယ်။

၁၉၄၇ခုနှစ် အခြေခံဥပဒေထဲက “ကရင်ပြည်နယ်”ကို ဗိုလ်နေဝင်းရဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီက ၁၉၆၄ခုနှစ်မှာ “ကော်သူးလေပြည်နယ်”လို့ (ခေတ္တခဏ) နာမည်ပြောင်းပေးခဲ့တယ်။ ထို့နောက် ၁၉၇၄ အခြေခံဥပဒေ အရ (မဆလ) စစ်အုပ်စုက ကရင်ပြည်နယ်လို့ အမည်ပြန်လည်ပြောင်းလဲခဲ့ပြန်တယ်။

ဗိုလ်သန်းရွှေဦးစီးတဲ့ (နအဖ)စစ်အုပ်စုကတော့ ပြည်နယ်သစ်တွေ ထပ်ဖွဲ့မပေးတော့ဘဲ ၂၀၀၈ အခြေခံဥပဒေ ထဲမှာ ၁။‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၂။ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃။ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၄။ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅။ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ (၅)ခု ဖွဲ့စည်းပေးပြီး ရှမ်းပြည်နယ်ကို ခွဲခြားစိတ်ပိုင်းပစ်ခဲ့တယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ “နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” တစ်ခု ဖော်ထုတ်ပေးခဲ့တယ်။

အဲဒီလို ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အခြေအနေ အချိန်အခါအပေါ် မူတည်ပြီး စစ်အုပ်စု အဆက်ဆက်က လှည့်စားဖွဲ့စည်းပေးခဲ့သော်လည်း တိုင်းရင်းသားလူမျိုးစုတွေအတွက် “ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတဲ့ စစ်မှန်တဲ့အဆင့်အတန်းနဲ့ အခွင့်အလမ်းတွေ ကင်းမဲ့နေပြီး ၁၉၄၇ခုနှစ် အခြေခံဥပဒေ၊ ၁၉၇၄အခြေခံဥပဒေ၊ ၂၀၀၈အခြေခံဥပဒေဆိုတဲ့ အခြေခံဥပဒေ ၃ခုသာ အပေါ်ယံသဘော ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် အနှစ်သာရနဲ့ လက်တွေ့အရတော့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဗိုလ်ကျအုပ်ချုပ်မှုပဲ ဖြစ်မြဲဖြစ်နေပါတယ်။

ဒါကြောင့် “ပြည်ထောင်စု” ဆိုတာ အမည်ခံဟန်ပြသက်သက်ဘဲ အတုအယောင်ပဲ ဖြစ်တယ်ဆိုတာကို ၁၉၆၂ ခုနှစ်ကနေ မျက်မှောက်ခေတ်ကာလထိ နှစ်ပေါင်း ၆၀ကျော် သမိုင်းကြောင်းလက်တွေ့က အထင်အရှား သက်သေခံနေ တယ် မဟုတ်ပါလား။

၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ်အထိ (ဖဆပလနဲ့ ပထစ) အစိုးရတို့ အုပ်စိုးသွားတဲ့ ၁၉၄၇ခုနှစ် အခြေခံဥပဒေ ဘောင်ထဲမှာလည်း “ပြည်ထောင်စုစစ်စစ်” ဖြစ်မလာဘဲ “ဖားတစ်ပိုင်း ငါးတစ်ပိုင်းပြည်ထောင်စု” (quasi-federal)ပဲ ဖြစ်ခဲ့တယ်ဆိုတာကို ထိုစဉ်က တရားလွှတ်တော်ချုပ်တရားဝန်ကြီး ဦးချန်ထွန်းက ဝန်ခံပြောခဲ့ဖူးတယ် မဟုတ်ပါလား။ ၂၀၀၈ အခြေခံဥပဒေကလည်း စစ်အုပ်စုစိတ်ကြိုက် ခြယ်လှယ်လွှမ်းမိုးဗိုလ်ကျထားတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း ပြည်ထောင်စု”ပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် နှစ်ပေါင်း ၈၀နီးပါး “ပြည်တွင်းစစ်” ဖြစ်ပွားနေတဲ့ ကျနော်တို့တိုင်းပြည်မှာ စစ်မှန်တဲ့ “ပါတီစုံဒီမို ကရေစီစနစ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်” ကင်းမဲ့နေတာ ထင်ရှားပါတယ်။ လက်ရှိကာလမှာတော့ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ဗိုလ်ကျအုပ်ချုပ်တာကို ရင်ဆိုင်တွန်းလှန်နေရပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် မျက်မှောက်ကာလမှာ ခက်နေဆဲအချက်က ဗြိတိသျှနယ်ချဲ့သမားကို ရင်ဆိုင်စဉ်ကလို ခေါင်းဆောင်မှုမျိုး “ပြည်မ”ဘက်မှာရော၊ “တောင်တန်းဒေသ”ဘက်မှာ ကွက်လပ်ဖြစ်နေတာပါ။ အဖုံဖုံ အနည်း နည်း ကွဲပြားနေကြတာပါ။ မစုစည်းနိုင်ကြသေးတာပါ။

ဟိုတစ်ချိန်ကတော့ ဦးတည်ရန်သူဟာ ပြည်ပနယ်ချဲ့သမား၊ ဒီနေ့မျက်မှောက်ကာလ ဦးတည်ရန်သူက ပြည် တွင်းက “မင်းအောင်လှိုင် စစ်အုပ်စု” ဖြစ်ပါတယ်။

“မင်းအောင်လှိုင် စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို ရင်ဆိုင်တဲ့နေရာမှာ ဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့ CRPH – NUG – PDF အစရှိတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အင်အားစုတွေ၊ ယခင်က တည်ရှိခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေ စုစည်းကြဖို့ လိုအပ်ပါတယ်။ ထို့အတူ လူမျိုးစုအသီးသီးအကြားမှာလည်း ခိုင်မာတဲ့ စုစည်းမှု လိုအပ်နေပါတယ်။

တစ်ချိန်က ပဒေသရာဇ်စော်ဘွားတွေ၊ ရှမ်းလူထုကိုယ်စားလှယ်(ရပလ)တွေ စတဲ့ ရှမ်း – ကချင် – ချင်း ကိုယ် စားလှယ်တွေ စုစည်းခဲ့ကြသလို ဒီနေ့မှာ ပိုမို နိုးကြားကျယ်ပြန့်လာပြီဖြစ်တဲ့ လူမျိုးစုတွေအသီးသီးကလည်း အခိုင်အ မာစုစည်းကြဖို့ လိုအပ်နေပါတယ်။

ဒါ့အပြင် ယေဘုယျအားဖြင့် ဒီမိုကရေစီအင်အားစုလို့ ဆိုရမယ့် တစ်ပြည်လုံးအရေးကို မျက်နှာမူထားကြတဲ့ အင်အားစုတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြား တန်းတူမှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနဲ့ သွေးစည်းညီ ညွတ်မှုကို အခြေခံခိုင်ခိုင်နဲ့ ရရှိထားနိုင်ကြဖို့ အရေးတကြီး လိုအပ်နေပါတယ်။

ဒါကြောင့် ညီညွတ်ရေး ၂မျိုး (“တစ်ပြည်လုံးအရေးလှုပ်ရှားသူတွေနဲ့ လူမျိုးစုတွေအကြားက ညီညွတ်ရေး”၊ “လူမျိုးစုတွေအချင်းချင်း ညီညွတ်ရေး”) မရှိဘဲ အဲဒီ လက်တွေ့လိုအပ်နေဆဲ ကွက်လပ်တွေကို သက်ဆိုင်ရာ အင်အား စုအသီးသီးက ကိုယ်စီကိုယ်ငှ ပီပီပြင်ပြင် ဖြည့်ဆည်း၊ စုဖွဲ့၊ တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ “ကြီးမားတဲ့ အောင်ပွဲ”ကို အလျင်စလို ရယူကြတာဟာ မဖြစ်နိုင်တာကို ကြံဖန်ပြီး စိတ်ကူးယဉ်တာမျိုးပါပဲ။

သမိုင်းကြောင်း လက်တွေ့အရပဲဖြစ်ဖြစ်၊ မျက်မှောက် ကိုယ်တွေ့ဖြတ်သန်းမှုတွေအရပဲဖြစ်ဖြစ် “ဘုံရန်သူ” ဘယ်သူဆိုတာ အထင်အရှား ရှိနေပါသော်ငြားလည်း လက်တွေ့ကျပြီး အားလုံးအတူတကွ ဟန်ချက်ညီလှုပ်ရှားနိုင်တဲ့ ဘုံလုပ်ငန်းစဉ်တစ်ရပ် ပီပီပြင်ပြင် မရှိသေးတာဟာ စစ်အုပ်စုကို သက်ဆိုးရှည်ကြာစေဖို့ ကာယကံမြောက် အခွင့်အ လမ်း ဖန်တီးပေးနေတာပါပဲ။

စစ်အုပ်စုအဆက်ဆက်ရဲ့ နှစ်ပေါင်း ၆၀ကျော် အုပ်စိုးမှုအောက်မှာ ဘယ်တိုင်းရင်းသားလူမျိုးစုမှ လူမျိုးတစ် မျိုးထဲ သီးခြားကွက်ပြီး လွတ်မြောက်ရေးရသွားတာ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝ ရရှိသွားတာမျိုး မရှိဖူးပါဘူး။

ထို့အတူ လူမျိုးပေါင်းစုံအဖိနှိပ်ခံ ပြည်သူလူထုကြီးတစ်ရပ်လုံးလည်း စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝ မရရှိခဲ့သေးပါဘူး။

မင်းအောင်လှိုင်စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှုကို အတူတကွ တစ်ပြိုင်နက် တော်လှန်ဖြိုချနိုင်မှသာ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အင်အားစုအသီးသီးအနေနဲ့ ဒီအားနည်းချက် (လိုအပ်နေတဲ့ ညီညွတ်ရေး ၂မျိုး)ကို အချိန်မီ အလျင် အမြန် စုစည်းတည်ဆောက်ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ကို ဖြောင့်တန်းတည်ကြည်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း နိုင်ငံရေးဖြစ်ရပ်တွေနဲ့ ထူးခြားတဲ့ ဖေဖေါ်ဝါရီလမှာ လေးစားစွာ ပန်ကြားတိုက်တွန်းလိုက်ပါတယ်။

Photo: BGF/ PC (ပုံဟောင်း)
February 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊...
February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...
February 12, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏...
February 11, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art...