ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ရှောင် ၄,၀၀၀ အရေးပေါ် ရိက္ခာလိုအပ်

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ရှောင် ၄,၀၀၀ အရေးပေါ် ရိက္ခာလိုအပ်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူ ဒေသခံ (၄,၀၀၀) ထက်မနည်းရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း နယ်စပ်ကစစ်ရှောင်ကူညီနေသည့် သတင်းအရင်းအမြစ်မှ သိရသည်။

တော်လှန်ရေးမဟာမိတ်တပ်များနှင့်စစ်အုပ်စုတို့ ယခုဖေဖော်ဝါရီလ နှစ်ပတ်တာအတွင်း အပြင်းအထန်ဖြစ်ပွားနေသည့်တိုက်ပွဲတွင် ဖလူးရွာအုပ်စုနှင့်မင်းလက်ပံမှ ပလောတပို့စစ်ရှောင်စခန်းနှင့်အနီးဝန်းကျင်သို့ ပြောင်းရွှေ့နေရသူ စစ်ရှောင်(၂,၀၀၀)ဝန်းကျင်ရှိသည်။

ဖေ‌ဖော်ဝါရီ(၁၀)ရက်နေ့က ဝေါလေဗျူဟာကုန်းတိုက်ပွဲကြောင့် ထိုဒေသမှစစ်ရှောင် (၂,၀၀၀)ခန့် ထပ်တိုး၍ စုစုပေါင်း စစ်ရှောင်(၄,၀၀၀)ထက်မနည်းရှိလာသည်။ 

ထို့အပြင် ပြေးလာသူအရေအတွက်လည်း ဆက်တိုက်တိုးနေပြီး ၎င်းတို့စားရေးသောက်ရေး ရိက္ခာအရေးပေါ်လိုအပ်သည်ဟု ပလောတပို့စစ်ရှောင်စခန်းမှ တာဝန်ခံအမျိုးသမီးက ပြောသည်။

“မင်းလက်ပံဘက်က လူနှစ်ထောင်ကျော်။ ဖလူးကြီး၊ ဖလူးလေးဘက်ရော အရင်ပလော့တပို့ မှာရှိနေတဲ့လူစာရင်းနဲ့ အခုဝေါလေရော အားလုံးလေးထောင်ဝန်းကျင်ရှိမယ်။ တစ်ခြားရွာဘက်ပြောင်းပြေးတာ၊ ထိုင်းဘက်ကူးတဲ့လူတွေမပါသေးဘူး။ နောက်ထပ်ရှောင်လာတဲ့သူတွေလည်း တိုးလာနေတယ်။ ဆန်အဓိကလိုတာပေါ့” အဆိုပါအမျိုးသမီးက ပြောသည်။

လက်ရှိ တိုက်ပွဲ(၃)နေရာဖြစ်ပွားနေပြီး စစ်အုပ်စု၏လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုလည်း ခံနေရသည်။ 

ထို့ကြောင့် ကော်သူးလေတပ်မတော်-KTLA လှုပ်ရှားသည့်ကျေးရွာများသို့လည်းကောင်း၊ သောင်ရင်းမြစ်ကမ်းနားနှင့်ထိုင်းနိုင်ငံဘက်သို့လည်းကောင်း ရွှေ့ပြောင်းနေထိုင်ကြသည့် စစ်ဘေးရှောင်များလည်းရှိသည်ဟု နယ်စပ်ရှောင်နေသူတချို့ထံမှ သိရသည်။

ထိုင်းဘက်တွင်ရှောင်နေသည့် အမျိုးသမီးက “မ‌နေ့ကတစ်နေကုန် လေယာဉ်ဗုံးကြဲနေတာ ဝေါလေအပြင်ဘက်ရော၊ ထီးသဲဘလယ်ဘက်ရော။ ထိုင်းဘက်ကမ်းမသွားနိုင်သူတွေကတော့ မြစ်စပ်နားတဲထိုးရှောင်တယ်။ ထိုင်းဘက်ကဘုန်းကြီးကျောင်းမှာသွားနေတဲ့သူလည်းနေတယ်။”ဟု ၎င်းက ကေအိုင်စီကိုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုရှိသလို ထီးသဲဘလယ်ရွာနှင့် ဝေါလေဒေသဘက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူဒဏ်ရာရမှုလည်းရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

မြဝတီမြို့တောင်ဘက်တိုက်ပွဲတွင် မြဝတီမြို့အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ-၂၇၅ က နေ့စဉ် စစ်အင်အားရာချီ ပို့ဆောင်စစ်ကြောင်းထိုးနေသည်။ ထို့အတူ တိုက်ပွဲပြင်းထန်မှုကြောင့် ပစ်ခတ်သံများ မဲဆောက်မြို့အထိကြားနေရပြီး ထိုင်းစစ်တပ်၊ အာဏာပိုင်တို့ကလည်း နယ်စပ်လမ်းကြောင်းပေါ် ကင်းလှည့်စောင့်ကြည့်ခြင်းရှိကြောင်း သိရသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...