ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်က ရွှေလုပ် ငန်းရှင်းအားလုံးနီးပါး ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန် အပါအဝင် ကမ္ဘာ့ နိုင်ငံရေး အခြေအနေ မငြိမ်မသက်မှုတွေကြောင့် သမိုင်းတစ်လျှောက် စံချိန်တင်ဈေးနှုန်း ရောက်ရှိခဲ့သလို ပြည်တွင်းရွှေဈေးကလည်း သက် တမ်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးတဲ့ စံချိန်တင် ဈေးနှုန်းဖြစ်လာခဲ့တာပါ။
အခုလို ပြည်တွင်း ရွှေဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် စစ်ကော်မရှင်က ရွှေလုပ်ငန်းရှင်တွေ၊ ရွှေအရောင်းအဝယ် ပြုလုပ်သူတွေအပြင် ရွှေဆိုင်ဝန်ထမ်းတွေကအစ ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ပြည်တွင်း ရွှေဈေးကွက် မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ် ချက်နဲ့ ရွှေတုံးရွှေခဲ သိုလှောင် ဖြန့်ဖြူရောင်းချတယ်ဆိုကာ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူးတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်လာရတာဟာ ကမ္ဘာ့ ရွှေဈေးကြောင့် ဖြစ်ပြီး ရွှေလုပ်ငန်းရှင်တွေကို စစ်ဆေးအရေးယူတာ မဖြစ်သင့်သလို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းစေချင်ပါက ဒေါ်လာဈေးကို ချမှသာ ဖြစ်နိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တကယ်တမ်းတော့ ရွှေဆိုတာက ကမ္ဘာ့ရွှေဈေးပေါ်မှာ မူတည်ပြီးတော့ မြန်မာ့ရွှေဈေးက ဖြစ်တာ။ဒီတစ်နိုင်ငံတည်း တက်တာမဟုတ်ဘူး။ နံပါတ်တစ် လုပ်ရမှာက ဒေါ်လာဈေးကို အရင်ချရမယ်။ သူတို့ အရေးယူရမှာက ရွှေအသင်းက လူတွေကို အရေးယူရမှာ မဟုတ်ဘူး။ ကမ္ဘာ့ ရွှေဈေးက ၄၈၇၅ ဆိုလိုရှိရင် ဒေါ်လာဈေး ၂၅၀၀ နဲ့ တွက်မယ်ဆိုရင် သူတို့ ရည်ညွှန်းထားတဲ့ ၆၅ သိန်း လောက်ကို ရှိတယ်။သူတို့ ဒေါ်လာကို ၂၅၀၀ လောက်ထိ သူတို့ ဆွဲချ နိုင်မယ် ဆိုလို့ရှိရင် သူတို့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးအတိုင်း ဖြစ်တယ်”လို့ ဆိုပါတယ်။
ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်နေမှုအပေါ် ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူ လိုက်ရုံနဲ့ ရွှေဈေးနှုန်းကျဆင်းလာမှာ မဟုတ်သလို ဒီလုပ်ရပ်ဟာ မှောင်ခို ဈေးကွက် ပိုမို ကြီးမားလာအောင် တွန်း အားပေးတဲ့ သဘောသာရှိလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ရွှေဈေးကွက်အတွင်းမှာတော့ စစ်ကော်မရှင် လက်အောက်ခံတွေက ရွှေလုပ်ငန်းနဲ့ ပတ်သက်သူတွေကို ဆက်တိုက်ဖမ်းဆီး စစ်ဆေးမှုတွေရှိနေတဲ့အတွက် အခေါက်ရွှေ အတုံး၊ အခဲတွေကအစ အ ရောင်းအဝယ် ရပ်နားထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၄၉၀၀ ဝန်းကျင်မှာ ရှိနေပြီး ပြည်တွင်းဈေးကွက်မှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၀၄ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပါတယ်။







