တောင်ကြီး အားကစားကွင်းဘေးရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် ထပ်မံအသိပေး

တောင်ကြီး အားကစားကွင်းဘေးရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် ထပ်မံအသိပေး

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ဘေးပတ်ပတ်လည် တွင်ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများအားလုံးကို ဖေဖော်ဝါရီလအတွင်း အပြီး ဖယ်ရှား‌ပေးရန် ထပ်မံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဈေးဆိုင်ခန်း၊ တိုက်ခန်းများနေရာတွင် နိုင်ငံတကာ အဆင့်မီအားကစား ကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာ များ တည်ဆောက်သွားမည် ဖြစ်သဖြင့် ဈေးဆိုင်ခန်းများကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်အတွင်း ဖယ်ရှားပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင် ထပ်မံ အသိပေးထုတ်ပြန်လိုက်သည်။

“အခုထိတော့ ဘယ်ဆိုင်ခန်းမှ ဖယ်ပေးတာ မတွေ့ရသေးဘူး၊ သူတို့ အသိပေးထားတာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ၊ ဒီတစ်ကြိမ်မှ မဖယ်ပေးရင် ဥပဒေအရ ဖယ်ရှားသွားမယ် လို့ပြောတယ်။ တချို့က သွားစရာနေရာမှ မရှိတာ အဲကြောင့် မဖယ်ကြတာ၊ တခြားအခက်ခဲတွေလည်း ရှိမယ်ထင်တယ်။”ဟု ဈေးဆိုင်ခန်း ငှားရမ်းနေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ဘောလုံးကွင်း ဘေးပတ်ပတ်လည်တွင် ဆိုင်ခန်း၊ တိုက်ခန်းပေါင်း ၂၀၀ ကျော်ရှိပြီး၊ ထိုဆိုင်ခန်းတွင် ဆိုင်ကယ် အပိုပစ္စည်းဆိုင်နှင့် ပုံနှိပ်ဆိုင်များ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ တိုက်ခန်းများ၊ ဆိုင်ခန်းများကို တစ်လအတွင်း ဖယ်ရှားခိုင်းမှုကြောင့် တိုက်ခန်းတွင် ငှားရမ်းနေထိုင်သူများနှင့် တိုက်ခန်းဝယ်ယူထားသူများ အခက်ကြုံနေရပြီး နေရာသစ်ထပ်မံငှားရမ်းရန် ငွေကြေး အခက်ခဲ ဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ဖယ်ရှားပေးခြင်း မရှိသော ဈေးဆိုင်ခန်းများကို ၁၉၅၅ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဖယ်ရှားဆောင်ရွက်သွားမည်ဟု အသိပေးစာတွင် ပါဝင်ပြီး ဈေးဆိုင် ငှားနေသူများက နေစရာမရှိသောကြောင့် မဖယ်ပေးနိုင်သေးကြောင်း ဆိုသည်။

“သွားနေစရာမှ မရှိတာ အခုက အိမ်ငှားဈေးတွေ အရမ်းတက်နေတာ၊ ကုန်ဈေးနူန်းကလည်း တက်နေတာ၊ ဒီကနေ ထွက်ရရင် လမ်းဘေး ရောက်မလား မသိဘူး၊ ကိုယ့်မှာ သွားစရာ လာစရာလည်း မရှိတော့၊ နှင်ထုတ်တဲ့ အချိန်မှပဲ ထွက်တော့မယ်။”ဟု တိုက်ခန်း ငှားနေသူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်သို့ ကရင်နီပြည်၊ သျှမ်းမြောက်နှင့် ပင်လောင်း၊ ဖယ်ခုံဘက်မှ စစ်ဘေးရှောင်များအပြင် မြေပြန့်ဒေသမှ စစ်ဘေးရှောင်များသည် လာရောက်ခိုလှုံနေပြီး အိမ်ငှားခ ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။

အဆိုပါ ဈေးဆိုင်၊ တိုက်ခန်းများ ဖယ်ရှားပေးရန် ပထမအကြိမ် အကြောင်းကြားစာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် လည်းကောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ စသဖြင့် သုံးကြိမ်တိုင်တိုင် အသိပေးထားကြောင်း သိရသည်။

February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...
February 6, 2026
စိုင်းဆိုင်အိုက် — မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း...
February 5, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန်...
February 4, 2026
စိုင်းဟန်လင်း — စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသနှင့်...