ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့် မင်းလက်ပံရွာတစ်ဝိုက်ရှိဒေသခံများ စစ်အုပ်စုမှ အင်အားအများအပြားဖြည့်တင်းနေခြင်းကြောင့် ဒေသခံပြည်သူထောင်ချီတို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှစ၍ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နေကြကြောင်း သိရသည်။
ဇန်နဝါရီလကုန်းပိုင်းမှစပြီး ဖားအံမြို့အခြေစိုက် တပ်မ (၂၂) မှ သံချပ်ကားအပါအဝင် စစ်ယာဉ်တန်းပေါင်း (၄၀) ခန့်က ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ခမရ-၅၄၅၊ ခမရ-၅၄၆ တပ်ရင်းသို့ အင်အားစုဆောင်းပြီး ကော့ကရိတ်-သင်္ဃန်းညီးနောင်မှ မြဝတီမြို့အခြေစိုက် ခလရ-၂၇၅ တပ်ရင်းသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါ စစ်အင်အားများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖလူး-ဝေါလေ ကားလမ်းမပေါ်သို့ တက်လာပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့် PDF ပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် မင်းလက်ပံ၊ ဖလူးကျေးရွာဘက်သို့ ဦးတည်တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများ ကြိုတင်ပြောင်းရွှေ့နေကြသည်ဟု မင်းလက်ပံကျေးရွာမှ တိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။
“မင်းလက်ပံက အရင်တိုက်ပွဲကတည်းက နေမရတော့တာ။ စစ်ရှောင်လူတွေကတော့ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကမ်းကို လာရှောင်နေကြတယ်။ အခု ဟိုဘက်(မြဝတီ)တော့ သူတို့ (KNU) ပေးမသွားချင်တော့ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။
လက်ရှိ ဖလူး-ဝေါလေလမ်းပိုင်းပေါ်ရှိ စစ်အင်အားများ မည်သည့်နေရာသို့ ဦးတည်သွားမည်ကို မသိရှိသေးသော်လည်း ဖလူး-ဝေါလေကားလမ်းပေါ်ရှိ မယ်ထော်တလေး၊ ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်ဒေသခံများအနေဖြင့် လုံခြုံရေးအရ ဖေဖော်ဝါရီ ၃ ရက်နေ့မှစ၍ ၃ ရက်အတွင်း ကျေးရွာမှထွက်ခွာပေးကြရန် KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သတိပေးထားကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“ ဘားအံကနေတက်လာတဲ့ စစ်ကားတွေက မြဝတီဘက်ကို ရောက်သွားပြီ။ ကျနော်တို့ ထိန်းချုပ်ထားတဲ့ မင်းလက်ပံ၊ ဖလူးဘက်ကို စစ်ရေးလှုပ်ရှားလာလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒေသခံတွေကို ၃ ရက်အတွင်း ရွာကနေ ထွက်သွားပေးကြဖို့ ပြောထားတာ ရှိတယ်။ အခုအခြေအနေ တော့ မြဝတီရော၊ ကော့ကရိတ်ရောက စစ်ရေးတင်းမာလာနေတယ်” ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။
လက်ရှိအခြေအနေအရ မြဝတီမြို့နှင့် ကော့ကရိတ်မြို့ပေါ်မှလွဲ၍ အနီးတစ်ဝိုက်နေရာများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က နယ်မြေထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကြောင်းထိုးလာပါက ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်းလည်း ဆိုသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့အထိ တက်လာသည့် စစ်အုပ်စုမော်တော်ယာဉ်တန်းတွင် လူအင်အားနှင့် လက်နက်ခဲယမ်းအပြင် လမ်းတံတားပြုပြင်ရေး ဖော်တော်ယာဉ်များလည်းပါဝင်သဖြင့် ကော့ကရိတ်-မြဝတီလမ်းကို ရသည့်နည်းဖြင့် ဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းမြစ်အချို့က ဆိုထားသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း မြဝတီတောင်ပိုင်းကို စစ်အုပ်စုမှ စစ်ကြောင်းထိုးဖောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် ဒေသခံများ သောင်ရင်းမြစ်ကမ်းနားရှိ ဘေးလွတ်ရာနေရာများနှင့် စစ်ရှောင်စခန်းများတွင် ရှောင်တိမ်းနေရသူ ထောင်နှင့်ချီရှိကြောင်းလည်း စစ်ရှောင်တာဝန်ရှိသူများမှ သိရသည်။







