အဂတိတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ပေးဖို့ မွန်ဝန်ကြီးချုပ်ပြောဆိုမှု ရယ်စရာဖြစ်နေ

အဂတိတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ပေးဖို့ မွန်ဝန်ကြီးချုပ်ပြောဆိုမှု ရယ်စရာဖြစ်နေ
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အားလုံးပူးပေါင်းပါဝင်ပေးဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြောဆိုမှုဟာ ရယ်စရာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ သက်ဆိုင်ရာအဖွဲ့တွေအပြင် ပြည်သူလူထုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပါ ပူးပေါင်း ပါဝင်ပေးဖို့ ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က မော်လမြိုင်မြို့မှာ ပြုလုပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

ဦးအောင်ကြည်သိန်းက မိမိတို့ နိုင်ငံတွင်းမှာ အဂတိလိုက်စားမှု ကင်းရှင်းစေဖို့အတွက် နိုင်ငံသားအားလုံးက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တက်ညီ လက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့တာပါ။

ဒေသခံ တစ်ဦးကတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရာမှာ ပူးပေါင်းဖို့ ပြောပေမယ့် ဦးအောင်ကြည်သိန်း ကိုယ်တိုင် အဂတိနဲ့ မကင်းသလို မြေပြင်လက်တွေ့မှာလည်း ဌာနတိုင်းက အဂတိ ရှိနေတာကြောင့် အဂတိ တိုက်ဖျက်မယ်ဆိုတာ ရယ်စရာ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“အဂတိလိုက်စားမှုကို ပူးပေါင်းဆောင်ရွက်ပါဆိုတော့ ဘယ်သူက ဆောင်ရွက်မှာလဲ။ဆောင်ရွက်မယ့် လူတွေကရော အဂတိမှ မကင်းတာ။ သူကိုယ်တိုင်လည်း မကင်းဘူး။ သူကိုယ်တိုင်က အဂတိ အကြီးကြီး လုပ်နေတယ်။ သူ့အောက်က ကောင်တွေက ပိုဆိုးတယ်။ တကယ်မြေပြင်လက်တွေ့မှာ အဂတိ ကင်းလွတ်တယ် ဆိုတာ ရှိမှ မရှိတာ။ ဌာနတိုင်း အကုန်လုံးက အဂတိပဲ။ ဒီအဂတိကို သူတို့က တိုက်ဖျက်မယ်ဆိုတော့လည်း ရယ်စရာတော့ ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ်က အဂတိ တိုက်ဖျက်ဖို့ ပြောနေပေမယ့် မြေပြင်မှာတော့ ဌာနဆိုင်ရာတွေအပြင် အုပ်ချုပ်ရေးမှူးတွေကအစ အဂတိ လိုက်စားမှု ရှိနေတာကြောင့် အရေးယူပါက ဘယ်သူမှ ကျန်တော့မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦးကလည်း အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အထက်က ဘယ်လို ပြောပြော ဒီပုံစံအတိုင်းရှိနေသလို အဂတိလိုက်စားရင် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေရေးထားပေမယ့် တကယ်တမ်း ဆက်သွယ်ပါက ဆက်သွယ်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ အထက်လူကြီးတွေက ဘယ်လောက်ပဲ ပြောပြော အောက်မှာက ဒီပုံစံပဲ သွားမှာပဲကိုး။ အခုဆို ကျွန်တော်တို့ ပိုဆိုးတာက လဝက။ လဝကမှာဆို မှတ်ပုံတင် လုပ်မယ်။ဘာညာမယ် ဆိုလို့ရှိရင် ပိုက်ဆံ မပေးလို့ကတော့ ခဏ ဟိုထောက်ခံစာ ယူပါအုံး။ လက်ရှိ တွေ့နေရတဲ့ ဂိတ်တွေမှာ ဆိုရင်တောင်မှ ငွေကြေး တောင်းခံပါက အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်ပါလို့ တကယ့် တကယ်တမ်း ဆက်သွယ်လို့လည်း မရပါဘူး။”လို့ ဆိုပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်တဲ့ နေရာမှာ ပူးပေါင်းကြဖို့ ပြောဆိုနေတဲ့ စစ်ကော်မရှင်ခန့် ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင်က လာဘ်ငွေယူကာ လောင်းကစားဝိုင်းတွေ ဖွင့်ခွင့် ပေးတာ၊ စီမံကိန်းတွေ လုပ်ဆောင်ခွင့်ပေးတာအပြင် လုပ်ငန်း လုပ်ကိုင်ခွင့်ပေးတာတွေကအစ ရှိနေတာပါ။

ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံ လဝက၊ ကညန အပြင် တခြား ဌာနဆိုင်ရာတွေမှာလည်း ပြည်သူ့ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လာဘ်ငွေ အမျိုးမျိုးပေးဆောင်မှသာ ဆောင်ရွက်ပေးတာ ရှိသလို လာဘ်ငွေ မပေးတဲ့ သူတွေကိုတော့ ကြန့်ကြာအောင် ပြုလုပ်ပြီး ဆောင်ရွက်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ဌာနဆိုင်ရာတွေအပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကအစ အဂတိလိုက်စားလို့ တိုင်ကြားပါကလည်း အရင်လို အရေးယူ ဆောင်ရွက်ပေးတာ မရှိသလို တိုင်ကြားသူကသာ သူတို့ရဲ့ အငြိုးအတေးကို ခံရတာ ဖြစ်တာကြောင့် တော်ရုံ မတိုင်ကြား ကြတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ခန့် ပြည်နယ် ဝန်ကြီးချုပ် အပါ အဝင် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အောက်ခြေ ဝန်ထမ်းတွေအထိ လာဘ်ပေးလာဘ်ယူကာ အဂတိ လိုက်စားမှုတွေ ရှိနေပေမယ့် လက်ရှိ အချိန်ထိ အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။

ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...