ချင်းမကွေးအစပ်၊ မိအယ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦး သေဆုံး

ချင်းမကွေးအစပ်၊ မိအယ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦး သေဆုံး
ဓါတ်ပုံ - Yaw
ဓါတ်ပုံ - Yaw

ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ကျောက်ထုတိုက်နယ်အရှေ့ခြမ်းရှိ မိအယ်ကျေးရွာကို စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မကွေးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အောက်နှင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးကလေးငယ် ၂ ဦး၊ အသက် ၇၀ ဝန်းကျင် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ ကျော်နှင့် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

ဒေသခံပြည်သူနေအိမ် ၄၀ ခန့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရာမှာ နေအိမ် ၅ အိမ်မှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

“လတ်တစ်လောကတော့ အိမ်တွေ ၄၀ လောက်ပျက်ဆီးတာတွေရှိတယ်ဗျ။ ပြည်သူတွေကတော့ ထိန်လန့် နေတာပေါ့လေ။ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ စိုးရိမ်လို့ ရွာထဲမှာ မနေရဲသူတွေလည်းရှိပါတယ်။ မနေ့ညကဆို တောထဲတွေမှာ သွာအိပ်ကြတာမျိုးတွေရှိပါတယ်ဗျ ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ လူထုဟာ လိုအပ်တာတွေက များပါတယ်။ နေအိမ် ၅ လုံးကလည်း လုံးဝပျက်စီးသွားတာပါ” ဟု ကျောက်ထုဒေသမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသော ဒေသခံပြည်သူများသည် အကူအညီများ လိုအပ်နေပြီး ဒေသအရပ်ဖက်အဖွဲ့ တစ်ခုဖြစ်သော ယောအလင်းတန်းမှ ကူညီပေးနိုင်ရန် ပြင်ဆင်နေသောကြောင့် ပါဝင်ထောက်ပံ့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...
August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...