အင်းတော်ကြီးဒေသက လုံးတုံမြို့ရဲ့ စစ်တပ်ဂိတ် ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခံရ

အင်းတော်ကြီးဒေသက လုံးတုံမြို့ရဲ့ စစ်တပ်ဂိတ် ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခံရ

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့ ရှေ့တန်းစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့(KIA+PDF)တွေက ဖေဖော်ဝါရီ(၃)ရက် မနက်(၈)နာရီမှာ ရှော့တိုက်ဒုန်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

" တိုက်ပွဲက အဲလိုကြီးဖြစ်တာမဟုတ်ဘူး။ တောဘက်(KIA+PDF )ဘက်က လာတိုက်တာ တည်းခိုခန်းအရှေ့မှာရယ်၊ လုံးတုံဂိတ်ရယ်၊ နှစ်နေရာထိတယ်"ဟု အနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

တည်းခိုခန်းနဲ့ ဂိတ်စခန်းပျက်စီးမှုတွေကိုတော့ တိတိကျကျသိရှိနိုင်ခြင်းမရှိသော်လည်း ဒီလိုတိုက်ခိုက်ခံရမှုကြောင့် လမ်းပိုင်းဖြတ်သန်းသူ ဒေသခံအရပ်သားထိမှန်မှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုလိုတိုက်ခိုက်ခံရပြီးနောက် အင်းမြှီးဒေသအတွင်းကိုဝင်ရောက်နိုင်တဲ့ လမ်းပိုင်းကို စစ်တပ်ဘက်က ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ ဖြတ်သန်းသွားလာသူဒေသခံများက ဆိုကြပါတယ်။

“ လမ်းပိုင်းပိတ်ထားပြီ ကုန်းမနမှာကိုက ပိတ်ထားပြီခုက။ ကားတွေဆိုင်ကယ်တွေ တစ်ခုမှဖြတ်လို့မရဘူး။ အရင်က (၁၀)စီးလောက်ပြည့်ရင် ဆိုင်ကယ်တွေလွှတ်ပေးတယ်။ အခုလုံးဝမလွှတ်ပေးတော့တာ" ဟု လမ်းပိုင်းပိတ်မိနေသူ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

အင်းအနောက်ကမ်းနဲ့ အရှေ့ကမ်းလမ်းပိုင်းနှစ်ခုလုံးပိတ်ပင်ထားမှုကြောင့် ဒေသတွင်းကနေ မိုးညှင်း၊ဟိုပင်မြို့ပေါ်သို့ မဖြစ်မနေသွားရောက်ရသူများက အင်းအရှေ့ကမ်းချောင်းဝကျေးရွာကနေ မိုးကောင်းမြို့ သို့ ရောက်ရှိနိုင်တဲ့ ခက်ခက်ခဲခဲတောလမ်းမှတစ်ဆင့် အသုံးပြုနေကြရကြောင်း သိရပါတယ်။

“ အင်ကြင်းကုန်းလမ်း ကနေလာရတာ ဆိုင်ကယ်မကောင်းရင်တော့မရဘူး။ ချောင်းတွေ၊ မြောင်းတွေ၊ တောင်တွေ တအားတက်ရ၊ ကျော်ရတာ။ တောင်တွေက တအားမြင့်တာ။ မနက်ကနေထွက်လာရင် ညနေမှာရောက်တာ တစ်နေကုန်တယ်။ ဒီလမ်းပိုင်းကလည်း ဆိုင်ကယ်လမ်းတစ်ခုတည်းသာ သွားလာလို့ရပြီး (၁၂)နာရီကြာမြင့်တယ်"ဟု ဖြတ်သန်းခဲ့သူတစ်ဦးက ပြောပြပါတယ်။

အင်းတော်ကြီးကန်အရှေ့ကမ်းဘက်မှာလည်း KIA+PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဟဲပါးကျေးရွာကို SNA ကျားဖြူစစ်ကြောင်းက ပြီးခဲ့တဲ့လမှာ ထိန်းချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့လကနေ စတင်ပြီး ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်တပ်တို့အကြား စစ်ရေးတွေပြန်လည်တင်းမာလာပြီး စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...