ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး တစ်စီးကိုကျပ်သိန်း ၄၀ နီးပါးအထိအခွန်ပေးဆောင်နေရတာကြောင့် အခွန်လျှော့ပေါ့ကောက်ခံပေးဖို့ ကားသမားတွေက ပြောပါတယ်။
မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေမှာ ကုန်ကား(ကားကြီး) တစ်စီးကို အခွန်ကျပ်သိန်း ၄၀ ဝန်းကျင်၊ ကားသေး(အိမ်စီးကား) တစ်စီးကို ကျပ်သိန်း ၂၀ ကျော်အထိ အခွန်တွေအဆမတန်ပေးဆောင်နေရတာကြောင့် အခွန်တွေလျှော့ပေါ့ကောက်ခံပေးစေလိုကြောင်း ယင်းလမ်းပိုင်းမှာမောင်းနေတဲ့ကို ဖိုးလုံး(အမည်လွှဲ) က KNG ကိုပြောပါတယ်။
“မြစ်ကြီးနားမြို့အထွက်က စကစရဲ့ဂိတ်တွေမှာ ကားကြီးတစ်စီးကို သိန်း ၃၀ နီးပါးကုန်တယ်။ မြစ်ကြီးနားမြို့ထဲကထွက်တာနဲ့ ပလန ဂိတ်မှာ ကားကြီးတစ်စီးရှစ်သိန်းပေးရတယ်။ နောက်ပြီးလမုန်ဇွတ်မှာ ၇ သိန်းကနေ ရှစ်သိန်းပေးရတယ်။ နောက်ပြီး ကျန်သေးတယ်။ တန်ဖရဲဂိတ် အဲ့မှာအဆိုးဆုံးပဲ။ ၁၀ သိန်းကျော်ပေးရတယ်”လို့ သူက ပြောပါတယ်။
ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဟာ ပလနဂိတ်၊ လမုန်ဇွပ်ဂိတ်၊ တန်ဖရဲဂိတ်၊ တန်ဂျာဂိတ်၊ ဆွမ်ပီယာန်ဂိတ်၊ လုံရှာယန်ဂိတ်နဲ့ မူလာရှီးဒီဂိတ် ဂိတ်ပေါင်း ၇ ခုအထိရှိပြီး အဲ့ဒီဂိတ်တွေမှာ အခွန်ကျပ်သိန်း လေးဆယ်နီးပါး အထိပေးဆောင်နေရကြောင်း ကားသမားတွေက ဆိုပါတယ်။
ကားသမားတွေပြောပြချက်အရ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို ကုန်စည်တင်ပြီးတက်သွားတဲ့ကားတွေဟာ လမ်းပိုင်းထဲက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေရဲ့ဂိတ်တွေမှာ စုစုပေါင်းအခွန် ကျပ်သိန်း ၅၀ ကျော်ပေးဆောင်ရပြီး ကျပ်သိန်း ၄၀ နီးပါးက စစ်ကောင်စီရဲ့ဂိတ်တွေမှာပေးနေရတာကြောင့် လျှော့ပေါ့ကောက်ခံပေးစေလိုကြောင်း ကားသမားတွေက ဆိုပါတယ်။
“တန်ဖရဲဂိတ်မှာက ဆယ့်နှစ်သိန်းဝန်းကျင်ပေးရတယ်။ ပြီးတော့ တန်ဂျာဂိတ်မှာက တစ်သိန်းခွဲ နှစ်သိန်းအထိပေးရတာရှိတယ်။ ဆွမ်ပီယာန်မှာလည်း တစ်သိန်းခွဲကနေ နှစ်သိန်းအထိပေးရတယ်။ နောက်ပြီး လုံရှာယာန်မှာ တစ်သိန်းပေးရတယ်။ မူလာရှီးဒီဂိတ်မှာကတော့ ပုံမှန်မရှိဘူး။ သုံးသိန်းကနေ ငါးသိန်းအထိပေးရတယ်”လို့ ယင်းလမ်းပိုင်းမှာမောင်းနေတဲ့ နောက်ထပ်ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
ကားတိုင်းမှာ ဂိတ်ကြေးတွေအဆမတန်ပေးဆောင်ရတဲ့အပြင် မြို့တွင်း ယာဉ်ထိန်းရဲနဲ့တိုးတဲ့အခါတွေမှာလည်း ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ပေးဆောင်နေရကြောင်း သိရပါတယ်။
“သူတို့ကောက်တဲ့ဂိတ်ကြေးနဲ့ ကျနော်တို့လမ်းကြေးရှင်းရတာနဲ့က မကိုက်ဘူးဗျ။ သူတို့ကိုလုပ်ကျွေးနေရသလိုဖြစ်နေတာ။ ကားတစ်ကြောင်းဆွဲရင် သိပ်တောင်မကျန်ဘူး။ အလွန်ဆုံးကျန်မှ ၁၀ သိန်း ၁၅ သိန်းလောက်ပဲ။ ဒါတောင် ကားပြင်ရတဲ့အခေါက်တွေဆိုရင် တစ်ပြားမှမကျန်တာတွေရှိတယ်။ ကားဘီးတစ်ဘီးပေါက်ရင် အနည်းဆုံး ဆယ်သိန်းပဲဆိုတော့ သူတို့ဂိတ်ကြေးက မတရားကိုများနေတာဗျ”လို့ အထက်ဖော်ပြပါ ကိုဖိုးတုတ်(အမည်လွှဲ)က ပြောပါတယ်။
အထက်ဖော်ပြပါစစ်ကောင်စီရဲ့ဂိတ်တွေမှာ ၂၀၂၅ နိုဝင်ဘာလောက်အထိ ကျပ်သိန်း ၃၀ နီးပါးလောက်ပဲအခွန်ပေးရပေမယ့် အဲ့ဒီနောက်ပိုင်းကနေစပြီး တဖြေးဖြေးအခွန်တိုးမြှင့်ကောက်ခံလာရာ လက်ရှိမှာတော့ ကျပ်သိန်း ၄၀ နီးပါးအထိပေးဆောင်ရကြောင်း သိရပါတယ်။
“ဂိတ်တွေကတော့ မတိုးလာဘူး။ ပုံမှန်ပဲ။ ဒါပေမယ့် ဂိတ်ကြေးပဲတဖြေးဖြေးများလာတာ။ အရင်က အဲ့လောက်မပေးရဘူး။ မူလာရှီးဒီဂိတ်ဆိုရင် တစ်သိန်းခွဲ နှစ်သိန်းလောက်ပဲပေးရတာလေ။ အခုက အနည်းဆုံးသိန်းသိန်းပဲ။ တခါတလေ အဲ့ထက်များတယ်။ ကျန်တဲ့ဂိတ်တွေလည်း အဲ့လိုပဲ။ ဂိတ်ကြေးက မတရားကိုများနေတာ”လို့ နောက်ထပ် ကားသမားတစ်ဦးက ပြောပါတယ်။
ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာ စစ်ကောင်စီဂိတ်တွေပြင် KIAပူးပေါင်းတပ်က အကောက်အခွန်ကောက်တဲ့ဂိတ်တစ်ခုရှိပြီး အဲ့ဒီမှာ ကျပ် သိန်း ၂၀ နီးပါးလောက်ပေးရတယ်လို့ သိရပါတယ်။
“KIAကတော့ တိန်ယန်ဇွတ်မှာကောက်တယ်။ အဲ့မှာ ကားကြီးတစ်စီးကို ၁၅ သိန်းကနေ ၁၈ သိန်း၊ ၁၉ သိန်းအထိပေးရတယ်။ အဲ့ဒါပဲ။ အဲ့ကနေတော့ တောက်လျှောက် ဟိုဘက်ကတော့ တစ်သောင်းနှစ်သောင်းပဲပေးရတယ်။ အဲ့ကနေ ဆွမ်ပီယန်၊ တန်ဂျာက စစ်ကောင်စီဂိတ်ဖြစ်သွားပြီ”လို့ ကားသမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ အခုလိုအခွန်တွေမတရားကောက်ခံနေတာကြောင့် ပူတာအို၊ နောင်မွန်ဒေသဘက်တွေမှာ ဆန်စျေး၊ စက်သုံးဆီစျေးနဲ့အခြေခံစားသောက်ကုန်၊ လူသုံးကုန်စျေးတွေဟာ အခြားဒေသတွေထက် အဆမတန်မြင့်တက်နေကြောင်း သိရပါတယ်။
ပူတာအိုဒေသဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိပြီး ဝေးလှံခေါင်ဖျားဒေသဖြစ်သလို ကုန်စည်စီးဆင်းဖို့အတွက်လည်း ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းတစ်ခုသာရှိတာဖြစ်ပါတယ်။
အဲ့ဒီကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေကာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မေလ မှာသိမ်းပိုက်ခဲ့ပြီး ယခုအချိန်ထိထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ပူတာအို–မြစ်ကြီးနားမြို့ဝင် မြို့ထွက်နေရာတွကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာကြောင့် ယင်းလမ်းပိုင်းရဲ့ အဓိကအစိပ်အပိုင်းတွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲလို့ ဆိုနိုင်ပါတယ်။







