ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည် ဇန်နဝါရီလအတွင်း အရပ်သား ၁၁ ဦး သေဆုံးခဲ့ကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ထိခိုက်သေဆုံးသူများမှာ လေကြောင်း၊ လက်နက်ကြီး၊ မိုင်းနှင့် စစ်ကျန်လက်တို့ကြောင့်ဖြစ်ပြီး ထိခိုက်သေဆုံးမှုထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့က ကျောက်တော်မြို့နယ်၊ ချောင်းဒူအကျဉ်းစခန်းဗုံးကြဲမှုအတွင်း စစ်သုံ့ပန်းမိသားဝင် ၂၁ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လာခြင်းနှင့်အတူ ထိခိုက်သေဆုံးသူဦးရေလည်း တိုးလာနေသဖြင့် ဒေသခံများမှာ လေကြောင်းအန္တရာယ်ကြား စိုးရိမ်ထိတ်လန့်မှုများနှင့် နေထိုင်နေကြရသည်။
“ဘယ်ချိန် လေယာဉ် လာချမလဲ၊ အိပ်နေချိန်ရော လာမှာလားဆိုတဲ့ စိုးရိမ်မှုအပြည့်နဲ့ နေနေရတာပါဘဲ။ လေယာဥ် လာရင်လည်း ရုန်းရင်းဆန်ခတ်နဲ့ လုံခြုံမယ်ထင်တဲ့နေရာတွေကို ပြေးရ၊ ဝပ်ရပါတယ်။ လေယာဉ်အန္တရာယ်ကနေ လုံခြုံတယ်လို့ အာမခံနိုင်တဲ့နေရာတွေ မရှိတဲ့အတွက်ကြောင့် အသက်တစ်ချောင်းထားစရာ နေရာတောင်မရှိပါဘူး” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ဇန်နဝါရီလ ထုတ်ပြန်သည့် လေကြောင်းတိုက်ခိုက်မှု အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အနက် ရခိုင်ပြည်သည် ထိခိုက်သေသုံးမှုနှုန်းအမြင့်ဆုံး ဒေသတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအစီရင်ခံစာအရ ရခိုင်ပြည်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၇၈ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၃၆ ဦးသေဆုံးကာ ၃၇၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုအခြေအနေက လုံခြုံမှုကင်းမဲ့နေသလို ဖြစ်နေတယ်။ နေ့စဉ်နဲ့အမျှ စိုးရိမ်မှုတွေနဲ့ ဖြစ်သန်းနေရတယ်။ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်လာရင် လုံခြုံစရာနေရာ မရှိဘူး။ ဒါကြောင့် ပြည်သူတွေ လုံခြုံစေမယ့်အရာတွေ ဖန်တီးသင့်တယ်လို့ မြင်တယ်။ ပြီးတော့ ဒီလိုပြည်သူတွေကို ရက်စက်နေတဲ့ စစ်ကောင်စီကိုလည်း နိုင်ငံတကာအနေနဲ့ အရေးယူမှုကို တိုးမြှင့်ပေးဖို့ တောင်းဆိုချင်တယ်” ဟု လူ့အခွင့်ရေးလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
ယခုနောက်ပိုင်း စစ်ကောင်စီသည် ဒေသအခြေအနေနှင့် ပစ်မှတ်အမျိုးအစားအပေါ် မူတည်၍ မတူညီသော လေကြောင်းလက်နက်များဖြင့် တိုက်ခိုက်မှုပုံစံများ ပြောင်းလဲအသုံးပြုလာနေသည့် အတွက် လေကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း MDSI က အကြံပြုထားသည်။
လက်ရှိ စစ်ကောင်စီသည် ရခိုင်ကလက်လွှတ်ထားရသည့် နယ်မြေများပြန်လည်ရရှိရေး အသည်းအသန် ကြိုးပမ်းနေပြီး လေကြောင်းကို အဓိကအသုံးပြုကာ အာရက္ခတပ်တော်ထိန်းချုပ် နယ်မြေများကို စစ်ရေးတိုက်ိခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိနေသည်။







