မြန်မာ့အရေး အာဆီယံအထူးသံတမန်သစ်နှင့် တော်လှန်ရေးအင်အားစုတို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

မြန်မာ့အရေး အာဆီယံအထူးသံတမန်သစ်နှင့် တော်လှန်ရေးအင်အားစုတို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး

၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဇာ လာဇရိုနှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုများသည် မြန်မာ့ပဋိပက္ခ ဖြေရှင်းနိုင်ရေး ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့တွင် ၂၀၂၆ အတွက် မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖြစ်လာသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်အာဏာရှင် တော်လှန်ရေးအင်အားစုတို့ ဆွေးနွေးခြင်းဖြစ်သည်။

“အာဆီယံအလှည့်ကျ ဥက္ကဋ္ဌကနေ ဖိတ်ခေါ်တဲ့ အစည်းအဝေးဖြစ်တယ်။ ဆွေးနွေးခဲ့ကြတာက ပထမအချက်အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လိုအကောင်အထည် ဖော်မလဲ။ ပြီးတော့ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ဘယ်လိုရပ်တန့်နိုင်မလဲပေါ့။ ဥပမာ - လေကြောင်းတိုက်ခိုက်မှုတွေ၊ ပြီးတော့ ပြည်သူလူထုကို ဦးတည်ချက်ထား တိုက်ခိုက်တာတွေ၊ နောက်တစ်ခုက လူသားချင်းစာနာထောက်ထားမှု အကူအညီပံ့ရေးကိစ္စတွေ၊ နောက် နိုင်ငံတကာ ရာဇဝတ်မှုတွေဖြစ်တဲ့ Scamming Center ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူကုန်ကူးမှုကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF)မှ ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊ ABSDF တို့အပါအဝင် တော်လှန်ရေး အင်အားစုအဖွဲ့ အများအပြား တက်ရောက်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုများနှင့် မတွေ့ဆုံမီ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဇာ လာဇရိုသည် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီနှင့်လည်း‌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဒီလိုမျိုး အစည်းအဝေးက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ နိုင်ငံကနေ မြန်မာက Stakeholder တွေကို ဖိတ်ခေါ်ပြီးတော့ လက်ရှိမြန်မာ့ နိုင်ငံရေး ပဋိပက္ခအခြေအနေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းရှာတဲ့ဟာ ဖြစ်တယ်။ ဒီကိစ္စကို မလေးရှားကလည်း ၂၀၂၅ တစ်နှစ်လုံးလုံးလည်း ကြိုးစားခဲ့တယ်။ အဲဒီကြိုးစားတဲ့ဟာကို ဖိလစ်ပိုင်က ဆက်လက်သယ်ဆောင်ပြီး အဖြေရှာနိုင်အောင်ဆိုပြီးတော့ အတူတကွ ပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ကြိုးစားနေတဲ့ လမ်းစဉ်ဖြစ်တယ်။ လက်ရှိအခြေအနေအထိကတော့ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဆွေးနွေးနေတဲ့ အဆင့်ဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်နိုင်ရန် မြန်မာ့နိုင်ငံရေး အင်အားစုများ၏ သဘောထား ရပ်တည်ချက်များကို မျှဝေရန် တိုက်တွန်းခဲ့သည်ဟု အာဆီယံ အထူးကိုယ်စားလှယ်သစ်က ၎င်း၏ လူမှုကွန်ရက်စာမျာက်နှာတွင် ဇန်နဝါရီလ ၂၂ ရက် ရေးသားခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှု ချက်ချင်း ရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရန် စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

Most read this week

January 24, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အိမ်ထောင်ဦးစီးဖြစ်သူက ၎င်း၏ ဇနီးနှင့် သမီးဖြစ်သူကို သေနတ်ဖြင့်...
January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...
January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...
January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...