ဗန်းမော် စကခ ၂၁ ၊ ခလရ ၄၇ တပ်ရင်းနဲ့ ထောက်ပို့တပ် ၉၃၃ တွေမှာ တိုက်ပွဲ ပြင်းထန်နေဆဲ

ဗန်းမော် စကခ ၂၁ ၊ ခလရ ၄၇ တပ်ရင်းနဲ့ ထောက်ပို့တပ် ၉၃၃ တွေမှာ တိုက်ပွဲ ပြင်းထန်နေဆဲ

ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ စကခ ၂၁ ၊ ခလရ ၄၇ တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ တပြိုင်နက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး တစ်ကျော့ပြန်ဖော်ဆောင်လိုက်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ဇန်နဝါရီလ ၁၅ ရက်နေ့အထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“မနေ့ကနေတော့ တိုက်ပွဲက အရင်ကထက်နည်းနည်းပြင်းထန်တယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲဖြစ်နေတဲ့အခြေအနေက တပ်တစ်နေရာထဲမှာ ဖြစ်နေတဲ့ပုံစံမဟုတ်ဘူး။ တစ်နေရာမှာမဖြစ်ရင် တစ်နေရာမှာဖြစ်တယ်။ ဗန်းမော်ရဲ့ မိုင် ၂၀ အကွာထဲမှာရှိတဲ့ အရေးပါတဲ့ စစ်တပ်နေရာတွေမှာ အကုန်ဖြစ်နေတယ်”လို့ ပြောပါတယ်။

စစ်တပ်အခိုင်အမာနေရာယူထားတဲ့ စကခ ၂၁ ၊ ခလရ ၄၇ တပ်ရင်းစတဲ့နေရာတွေမှာက နေ့တိုင်းတိုင်းလိုလို ပိုပြီးပြင်းထန်နေတယ်လို့ သိရပါတယ်။

နောက်ထပ် ထောက်ပို့တပ်ရင်းတစ်ခုဖြစ်တဲ့ ၉၃၃ တပ်ရင်းကိုလည်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ရေးအသာစီးရနေတယ်လို့ ဆက်ပြီးသိရပါတယ်။

ထောက်ပို့ ၉၃၃ တပ်ရင်းနေရာမှာ တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် KIA ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက အခုလိုဆက်ဆိုပါတယ်။

“အခုတိုက်ပွဲပြင်းထန်နေတဲ့ တပ်ရင်းတွေထဲမှာ ထောက်ပို့တပ် ၉၃၃ တပ်ရင်းလည်းပါတယ်။ အပြီးသတ်သိမ်းနိုင်တယ်လို့တော့မကြားရသေးဘူး။ လုပ်ငန်းဝင်နေသေးတယ်လို့ပဲကြားရသေးတာ။ နောက်ပြီး စကခ(၂၁) ဘက်မှာတော့ အခြေအနေကောင်းတယ်လို့ ပြောလာတယ်”လို့ပြောပါတယ်။

လက်ရှိ KIA ဘက်က တိုက်ခိုက်နေတဲ့ ထောက်ပို့တပ်ရင်း ၉၃၃ တပ်ရင်းဟာ ဗန်းမော်နဲ့ မိုးမောက်သွားလမ်း ၄ မိုင်နဲ့ ၅ မိုင်ကြားမှာတည်ရှိနေတာဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ချပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀ ခန့် ရှိတယ်လို့သိရပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေးကာလ တစ်နှစ်ပြည့်သွားသွားတဲ့ ဒီဇင်ဘာလထဲမှာ တစ်ကျော့ပြန်ထိုးစစ်ပြန်လည်ဆင်နွှဲလိုက်တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ဖြစ်ပွားလာတဲ့ ဗန်းမော်တိုက်ပွဲဟာ ယခု ၂၀၂၆ နှစ်ခုဝင်လာတဲ့အထိ KIA ဘက်က လက်မလျှော့ဘဲ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတစ်ချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်းနေရာအများအပြားကို ထိန်ချုပ်နိုင်ခဲ့ပါတယ်။

သို့ပေမယ့် ဗန်းမော်လက်မလွတ်ရေးအတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် ထိန်းချုပ်နေရာတစ်ချို့ကို ပြန်လည်လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင် တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးအဖြစ်ရှိလာခဲ့ပါတယ်။

နော်ထွယ့်(ဟူးကောင့်)

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...