ကျုံဒိုးရှိ BGF နှင့် ပြည်သူ့စစ်များက တရုတ်ငွေလိမ်လုပ်ငန်းလုပ်သူများကို မော်လမြိုင်ဘက် သယ်ယူပို့ဆောင်ပေးနေ

ကျုံဒိုးရှိ BGF နှင့် ပြည်သူ့စစ်များက တရုတ်ငွေလိမ်လုပ်ငန်းလုပ်သူများကို မော်လမြိုင်ဘက် သယ်ယူပို့ဆောင်ပေးနေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့ တရုတ်နိုင်ငံသား ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို ယခု ဒီဇင်ဘာလအတွင်း ကျုံဒိုးမြို့အခြေစိုက် BGF တပ်ဖွဲ့နှင့် မွန်ကျေးရွာပြည်သူ့စစ်အဖွဲ့များက သယ်ယူပို့ဆောင်ပေးနေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် ရွှေကုက္ကိုလ်ဒေသဘက်ရှိ တရုတ်ငွေလိမ်လုပ်ငန်းများကို စစ်အုပ်စုက စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် အဆိုပါ ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များက ရေလမ်း၊ ကုန်လမ်းချိတ်ဆက်အသုံးပြုကာ နေရာရွှေ့ပြောင်း ပေးနေကြောင်း ကျုံဒိုးဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ကျုံဒိုး BGF မောင်ဝင်းအောင်အဖွဲ့တွေက တောင်ပေါ်ကနေ ခေါ်ဆင်းလာတယ်။ ညောင်ရိပ်သာ ကျုံဒိုးလှေ ဆိပ်ကနေ ကူးပြီး ကော့ဘိန်းဘက်ကို လမ်းကြောင်းတစ်ခု၊ နောက်တစ်ခုက ကျားကလေး လမ်းကနေ ခယား၊ သံလှယ်ရွာကို သယ်တယ်။ ဂျိုင်းမြစ်ကို စက်လှေနဲ့ ကူးပြီး ပြည်သူ့ စစ်အဖွဲ့တွေက တစ်ဆင့် ပြန်သယ်တယ်။ ပြီးတော့ ကော့ဘိန်း၊ ခရုံဂူလမ်းကနေ မော်လမြိုင်ကို ဝင်ပို့နေတယ်” ဟု ကျုံဒိုး ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ တရုတ်နိုင်ငံသား ငွေလိမ်လုပ်ငန်းလုပ်သူများကို မွန်ပြည်သူ့စစ်အဖွဲ့က ဂျိုင်းမြစ်အတွင်း ဖြတ်သန်း သယ်ဆောင်နေစဉ် ဒီဇင်ဘာ ၉ ရက်ညတွင် ကော့ဘိန်းကျေးရွာဘက်အခြမ်းရှိ စစ်တပ် စစ်ကြောင်းက လှေ ၃ စင်းအား စစ်ဆေးရန် ပစ်ခတ်သတိပေးခဲ့ရာ တစ်စင်းက မရပ်ပေးသဖြင့် သေနတ်ပစ်ခတ် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။ ၎င်းဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး အလောင်းများသည် ဂျိုင်းမြစ်အတွင်း မျှောပါသွားခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

လတ်တလောတွင် တရုတ်ငွေလိမ်လုပ်ငန်းလုပ်သူများကို မြဝတီမြို့ဘက်မှ ဖားအံ၊ မော်လမြိုင်နှင့် ဘုရားသုံးဆူ မြို့များဘက်သို့ BGF နှင့် အပစ်ရပ် DKBA အဖွဲ့တို့က နေရာရွှေ့ပြောင်းပေးနေပြီး စစ်အုပ်စုတပ်များ၏ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရာတွင် လာဘ်ငွေပေး၍ သွားလာနိုင်ကြောင်း ငွေလိမ်လုပ်ငန်းနှင့် ဆက်နွယ်၍ တရုတ်နိုင်ငံသားများကို ယာဉ်မောင်းပို့ဆောင်ပေးနေသူ တစ်ဦးက ပြောသည်။

၎င်းက “ စစ်တပ်ဂိတ် ကြေး၊ လမ်းကြေး တွေကို တော့ BGF နဲ့ DKBA ဘက်က ရှင်းပေးတယ်။ ကျနော်တို့က သူတို့ကားနဲ့ လိုက်မောင်းပို့ရုံ ပဲဆို တော့ တစ်ခေါက်ကို မောင်းကြေး ၅ သိန်းကနေ ၁၀ သိန်းဝန်း ကျင်ရတယ်။ တချို့က ရန်ကုန်အထိ လိုက်ပို့ပေးရတာလည်း ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စု သတင်းပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျားဖျန့် ငွေလိမ်လုပ်ငန်းများကို အမြစ်ပြတ် ချေမှုန်းရှင်းလင်းသွားမည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ သို့သော် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပြည်တွင်း အခြားဒေသများသို့ ငွေလိမ်လုပ်ငန်းများ ရွှေ့ပြောင်းကာ လုပ်ကိုင်နေမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်အုပ်စုနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်လက် အောက်ခံ BGF တပ်ဖွဲ့ဝင်များအနက် ကျားဖျန့် ငွေလိမ်လုပ်ငန်းနှင့် ပတ်သက်သူများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု

စစ်အုပ်စုက ထုတ်ပြန်ပြောဆိုထားသော်လည်း ယနေ့အချိန်အထိ အဆိုပါ တပ်ဖွဲ့ဝင်များကို ဖော်ထုတ်ဖမ်းဆီး အရေးယူကြောင်း တရားဝင်သတင်းထုတ်ပြန်မှု မတွေ့ရှိရသေးပါ။

Photo credit - social media 

Most read this week

December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...