စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကျောက်ဖြူတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ မီးလောင်ပျက်စီး

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကျောက်ဖြူတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ မီးလောင်ပျက်စီး
Photo credit - Arakan Princess Media
Photo credit - Arakan Princess Media

တိုက်ပွဲများရှိနေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်များ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက် ည ၁၁ နာရီကျော်တွင် ကျောက်ဖြူမြို့နယ် တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းအနီး ဆင်ဘုတ်ရွာမနှင့် ကျွန်းကြီးကျေးရွာတို့ကို လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီ၏ နေဗီတစ်စီးသည် ဆင်ဘုတ်ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် ဆင်ဘုတ်ရွာမ ဘုန်းတော်ကြီးကျောင်းနှင့် အနီးနားက နေအိမ်များ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

" အဓိကတော့ ဓညဝတီရေတပ်နဲ့ အနီးနားက နေဗီတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်။ အဲဒီမှာ ဘုန်းကြီးကျောင်းနဲ့ အနီးနားက လူနေအိမ်တွေ မီးလောင်သွားတယ်လို့ သိရတယ်။ ရွာသားတွေကတော့ စစ်ဘေးရှောင်နေကြတာ ကြာပြီ။ ဒါကြောင့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ် " ဟု‌ အခြေအနေကိုသိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီသည် ဆင်ဘုတ်အုပ်စု ကျွန်းကြီး အထကကျောင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင် ပြိုကျပျက်စီးသွားကြောင်း သိရသည်။

လက်ရှိ‌ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေပြီး မင်းပြင်၊ ကျွန်းကြီး၊ ချောင်းဖျား၊ ဆင်ဘုတ်အုပ်စုနှင့် အနီးတဝိုက်တွင် နေ့စဉ်တိုက်ပွဲများ ရှိနေကြောင်း သိရသည်။

" ကျောက်ဖြူမြို့နယ်မှာတော့ တိုက်ပွဲတွေ နေ့တိုင်းရှိတယ်ဗျာ။ အခုဆိုရင် ဆင်ဘုတ်အုပ်စု၊ ချောင်းဖျား၊ ကျွန်းချောင်စတဲ့ အဲဒီတောင်တန်းတွေမှာ ဖြစ်နေကြတာ။ စစ်ကောင်စီက ထိုးစစ်တက်လိုက်၊ AA က ထိုးစစ်တက်လိုက်နဲ့ အပြန်အလှန်ဖြစ်နေကြတာ။ အဲဒီနေရာတွေမှာ စစ်ရေးအခြေအနေတွေ ရှုပ်ထွေးနေတယ် " ဟု စစ်ရေးအခြေအနေသိသူ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် သိုင်းချောင်းဆည်နှင့် အနီးတဝိုက်ကို ခြေကုတ်ယူပြီး မြေပြင်ထိုးစစ်၊ ရေကြောင်းပစ်ကူ၊ လေကြောင်း ပစ်ကူများဖြင့် တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူ သတင်းရင်းမြစ်များက ပြောသည်။

ယင်းကြောင့် ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ၄၀,၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ အစောပိုင်းမှ စ၍ သိုင်းချောင်း၊ ဂေါ်တူနှင့် ရေနံတောင်ကျေးရွာသို့ ထိုးဖောက်လာသဖြင့် အနီးအနားရှိ ချောင်းဖျား၊ ချောင်းဝ၊ ချောင်းမြောင်စသည့် ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံများမှာ ဆင်ဘုတ်၊ စပါးထားနှင့် မင်းရပ်တိုက်နယ်ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြ ရခြင်းဖြစ်သည်။

လက်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်ရေး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် Triple -T အဖွဲ့မှ သိရသည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...