အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးသူငယ်များ

အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးသူငယ်များ

စစ်ရေးပဋိပက္ခများ ပြင်းထန်နေသည့် ရခိုင်ဒေသအတွင်းမှ ကလေးငယ်များမှာ အခြေခံ ကလေးသူငယ် အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် ယနေ့ (နိုဝင်ဘာ ၂၀ ရက်) တွင် ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့တွင် ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ရခိုင်ဒေသရှိ ကလေးသူငယ်များမှာ လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှု၊ စားနပ်ရိက္ခာ အာဟာရ လိုအပ်ချက်၊ ပညာသင်ခွင့် ဆုံးရှုံးမှု၊ ကျန်းမာရေးနှင့် အသက်ရှင်သန်ခွင့် စသည့် အခြေခံ အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ရခိုင်ဒေသတွင်း လူမှုကူညီရေးလုပ်နေသူများက ပြောဆိုကြသည်။

ယင်းအပြင် ကလေးငယ်များမှာ ကျန်းမာရေးဆိုင်ရာ အခြေခံအခွင့်အရေးဖြစ်သည့် ကာကွယ်ဆေး ထိုးနှံခွင့်များကိုလည်း အပြည့်အဝမရရှိဘဲ ဆုံးရှုံးနေကြရသည်။

စစ်ရေးပဋိပက္ခကြား တိုက်ခိုက်ခံရမှုများကြောင့်လည်း ကလေးငယ်များမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေသဖြင့် လူကြီးမိဘများအနေဖြင့် ဂရုတစိုက် ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

မြေပုံမြို့ခံ ကလေးမိခင် အမျိုးသမီးတစ်ဦးက “ကလေးတွေအနေနဲ့ တိုက်ပွဲကာလမှာလည်း ဒီလေကြောင်း တိုက်ခိုက်မှုတွေကို ကြုံကြရတယ်။ ဒါတွေကလည်း သူတို့အတွက် အရမ်းကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်။ ဒါတွေကြုံခဲ့ရတဲ့ ကလေးတွေဆိုရင် ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ရင်တောင် စိတ်ဒဏ်ရာတော့ ရကြမှာပဲ။ သူတို့အနေနဲ့ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် ကစားခွင့်တွေ၊ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ မရတာတွေကလည်း ကလေးတွေအတွက် နစ်နာစေတဲ့အချက်တွေ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင်းရှိ ကလေးသူငယ်များမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုများကြောင့် အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများအား ကြုံနေရပြီး အသက်အန္တရာယ်ခြိမ်း ခြောက်မှုများနှင့် ကြုံနေရသည်။

ယင်းအပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် စစ်ရေးပစ်မှတ်မဟုတ်ဘဲ နိုင်ငံတကာ ဥပဒေအရ ကန့်သတ်ထားသော အရပ်ဘက်ပစ်မှတ်များဖြစ်သည့် လူနေမြို့ရွာများ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာနေပြီး ပညာသင်ခွင့် ဆုံးရှုံးနေကြရသည်။

ယင်းကြောင့် နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်ကာ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအား တားမြစ်ရန်လိုအပ်ကြောင်း ရခိုင်မှ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။

ရသေ့တောင်ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက " စစ်ကော်မရှင်အနေနဲ့ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကလေးတွေ စာသင်တဲ့ နေရာတွေကိုပါ ဗုံးကြဲတယ်ဆိုကတည်းက သူတို့အနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို ဦးတည်လာတယ်လို့ပဲ ကျနော် ယူဆပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပညာသင်ခွင့် မရအောင် မျိုးဆက်ပြတ်အောင် လုပ်တဲ့သဘောလို့ မြင်တယ်။ ဒါကို ကုလသမဂ္ဂအနေနဲ့ရော တခြားနိုင်ငံတကာအဖွဲ့တွေအနေနဲ့ရော ထုတ်ပြန်ချက်လောက် ထုတ်တာမျိုး မဟုတ်ဘဲ ကလေးတွေအခွင့်အရေး ဆုံးရှုံးနေရတာကို ငဲ့ပြီး လက်တွေ့ကျကျ တားမြစ်ပိတ်ပင်ဖို့ကို တောင်းဆိုပါတယ်" ဟု ပြောသည်။

လက်ရှိ ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးအထိ ရှိနေပြီး စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည့် ကလေးငယ်များနှင့် အခြား ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များမှာ မိသားစုစားဝတ်နေရေး အကျပ်အတည်းများကြောင့် အာဟာရချို့တဲ့မှုဒဏ်နှင့်အတူ တောင်းရမ်းစားသောက်သူများလည်း ရှိလာနေသည်။

“စစ်ဘေးရှောင်စခန်းမှာ နေရတဲ့ ကလေးတွေအတွက်ကတော့ ထောက်ပံ့တဲ့ အဖွဲ့ရှိရင် ထမင်းကို ဝဝလင်လင် စားရမယ်။ အထူးတလည် ဖြည့်စွက်စာတို့ အာဟာရပြည့်တဲ့ အစားအစာမျိုး ရဖို့ဆိုတာ သူတို့အတွက် အင်မတန် ခက်ခဲတယ်။ ဒီအတွက် သူတို့မှာ ဝင်ငွေရှိ မနေဘူး။ မိသားစုတွေကျတော့လည်း သူတို့ တစ်ရက်ဝမ်းဝဖို့ကိုပဲ လုံးပန်းရတဲ့ အခြေအနေဆိုတော့ သိပ်ပြီး အာဟာရဖြစ်တယ် မဖြစ်ဘူးဆိုတာကို ဂရုမစိုက်နိုင်တော့ဘူး” ဟု‌ အမ်းမြို့နယ်မှ စစ်ရှောင်အရေးကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် ကုန်သွယ်စီးပွားရေးလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်နေခြင်းနှင့်အတူ ရခိုင်ပြည်သည် ယခု၂၀၂၅ ခုနှစ်အတွင်း အငတ်ဘေးကျရောက်နိုင်ပြီး လူဦးရေ ၂ သန်းခန့်မှာလည်း အငတ်ဘေးဆိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဆိုထားသည်။

လက်ရှိ စစ်ဘေးရှောင်နေကြသည့် ရခိုင်မှ ကလေးငယ်များမှာ စားဝတ်နေရေး အကျပ်အတည်းများကြောင့် အသက်မပြည့်ဘဲ လုပ်ငန်းခွင်ဝင်ရခြင်း၊ အလှူခံစားသောက်ခြင်းများအထိ ရှိလာနေပြီး အချို့ကလေးငယ်များမှာ ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနေကြရသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် ဘေးအန္တရာယ်များကြောင့် ကလေးငယ်ပေါင်း ၁ သန်းကျော် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရကြောင်း ယနေ့၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးများနေ့တွင် Unicef Myanmer က ထုတ်ပြန်သည်။

ယခုနှစ်၊ နှစ်လယ်ပိုင်းထိ နိုင်ငံတစ်ဝန်း ရွှေ့ပြောင်းနေထိုင်သူ ၃.၅ သန်းကျော်ရှိပြီး၊ ယင်းအထဲ ၁ သန်းကျော်မှာ ကလေးငယ်များဖြစ်ကာ ၎င်းတို့မှာ အစားအစာ၊ ရေနှင့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် ဆိုးဆိုးဝါးဝါး ထိခိုက်နေရသည်ဟု ထုတ်ပြန်ထားသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...