ဒူးသထူခရိုင် ဖားအံမြို့နယ်တွင် ရွေးကောက်ပွဲကို ခွင့်မပြုဟု ထုတ်ပြန်

ဒူးသထူခရိုင် ဖားအံမြို့နယ်တွင် ရွေးကောက်ပွဲကို ခွင့်မပြုဟု ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ ဖားအံမြို့နယ်အတွင်း ဗဟိုသဘောထား ထုတ်ပြန်ချက်နှင့်အညီ ရွေးကောက်ပွဲကို ခွင့်ပြုမည်ဟုတ်ဘဲ ဆန့်ကျင်သွားမည်ဟု အဆိုပါခရိုင်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ စစ်အုပ်စု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအား လိမ်လည် လှည့်ဖြားမည့် အတုအ‌ယောင်ရွေးကောက်ပွဲ ဖြစ်၍ ‌ရွေးကောက်ပွဲကို ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည် ဟုလည်း ဆိုသည်။

ထို့ပြင် စစ်အုပ်စုက ပြည်သူလူထုအပေါ် မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဘာသာရေး ကျောင်းနှင့် လူနေအိမ် အဆောက်အဦများအား လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်လျက်ရှိပြီး လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ် ရန် ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ ပြည်သူလူထုများအနေဖြင့် စစ်အာဏာရှင်သက်ဆိုးရှည်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်သောနည်းနှင့် ဆန့်ကျင်ခြင်းဖြင့် မိမိတို့၏ဆန္ဒမဲအား အလွဲသုံးစားပြုခွင့် မပေးရန် KNU က တိုက်တွန်းထားသည်။

ဆက်လက်ပြီး အာဏာသိမ်းစစ်တပ်၏ ပြည်သူများ နားလည်ရန် ခက်ခဲပြီး ရှုပ်ထွေးသော ရွေးကောက်ပွဲစနစ်နှင့် ၎င်းတို့ လိုအပ်သည့် အဖြေထုတ်ယူနိုင်သည့် အီလက်ထရောနစ်ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်သည် တိကျမှန်ကန် မည့် ရလဒ် ဖြစ်နေမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသဘောထားကိုအလွဲသုံးစားပြုသည့်အတွက်ကြောင့် စစ်အုပ်စုတို့ အလိုကျ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ပေါ်လွင်နေသည်ဟု KNU က ဆိုသည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများသည် ၎င်းတို့၏ စစ်မှုထမ်း ဥပဒေနှင့် စစ်ဘေးကြောင့် နေရပ်များတွင် အေးချမ်းစွာ နေထိုင်နိုင်ခြင်းမရှိဘဲ ခြိမ်းခြောက် ဖိအားပေးခြင်းနှင့် အတင်းအဓမ္မ မဲပေးစေခိုင်းခံရခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်မခံကြောင်း ကေအဲန်ယူ (ဗဟို) ကလည်း သဘောထား ထုတ်ပြန်ထားပြီး ဖြစ်သည်။ ကေအဲန်ယူ တပ်မဟာ (၅) နှင့် တပ်မဟာ (၆) စသည့် ခရိုင်များ ကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်၍ ၎င်းတို့ ခရိုင်ထဲရှိ ပြည်သူများကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် အလားတူ သဘောထားထုတ်ပြန် ထားသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...