ဘီးလင်းတွင် နေ့ဘက်ပေါ်တာဆွဲ တပ်သားစုဆောင်းမှု ခပ်စိပ်စိပ်ဖြစ်နေ

ဘီးလင်းတွင် နေ့ဘက်ပေါ်တာဆွဲ တပ်သားစုဆောင်းမှု ခပ်စိပ်စိပ်ဖြစ်နေ
Photo credit - social media
Photo credit - social media

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးနံဘေးရှိ တောင်စွန်း-အလူးလေး-သပြေနီ ကျေးရွာများတွင် စစ်အုပ်စု၏ နေ့ဘက်ပိုင်းပေါ်တာဆွဲ တပ်သားအင်အားစုဆောင်းမှုများ နေ့စဉ်လိုလို အဖြစ်များလာနေကြောင်း ဒေသခံများ နှင့်ရပ်ရွာတာဝန်ရှိသူအချို့က ပြောသည်။

အထူးသဖြင့် လူငယ်၊ လူရွယ်ပိုင်း လမ်းသွားလမ်းလာများကို ပစ်မှတ်ထား တရားလက် လွတ်ဖမ်းဆီးနေခြင်း ဖြစ်သည်။ ထိုဒေသခံများအား စစ်အုပ်စုက ဘီးလင်း မြို့ရဲစခန်းသို့ခေါ်ဆောင်ပြီးနောက် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့အတွက် စစ်မှုထမ်းစေခိုင်းနေသည်ဟု ဘီးလင်းမြို့နယ် ရပ်ရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

“တော်တော်ဆိုးတယ်။ ညဘက်တောင်မဟုတ်ဘူး နေ့ဘက်ပဲကိုဖမ်းတာ။ အဲဒါကြောင့် လူငယ်တွေ သိပ်သွားမရဲဘူး၊ လူကြီးပိုင်းလောက်ပဲ။ တွေ့တာနဲ့ ဆိုင်ကယ်ရောလူရော ရဲစခန်းကိုခေါ်သွားပြီး အစအနဘာမှ မကြားတော့ဘူး စစ်ကြောရေးပို့တာပေါ့။ ကျနော်တို့ရွာက လူငယ်တွေကိုတော့ အဲဒီရွာဘက်တွေကိုမဆင်းဖို့ သတိပေးထားရတယ်။” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

နယ်ခံသတင်းအရင်းအမြစ်ထံ စုံစမ်းမှုအရ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းကြီး အောက်ဘက် ပိုင်းကျသည့် အဆိုပါကျေးရွာများမှာ ယခင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ တိုက်ပွဲ မကြာမကြာ ဖြစ်ပွားပြီး၊ စစ်ယာဥ်တန်းများ မိုင်းဆွဲတိုက်ခံမှုခံရလေ့ရှိသည့် ရွာများဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာ ၁၂ရက်) နေ့တစ်ရက်တည်းတွင်ပင် ပေါ်တာဆွဲခံလိုက်ရသူ လူငယ် (၁၉) ဦးဝန်းကျင်ရှိပြီး ငွေဖြင့်လိုက်လံရွေးယူ၍မရတော့ဟု ဆိုသည်။ အလားတူဖြစ်ရပ်မျိုး ယခုရက်ပိုင်းအတွင်း ပို၍အဖြစ်များလာကြောင်း ဒေသခံများကပြောဆိုကြသည်။

စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် ဥပဒေအရ စစ်အုပ်စုက ထင်ထင်ပေါ်ပေါ် တပ်သားစု ဆောင်းရုံသာမက ပေါ်တာဆွဲဖမ်းဆီးမှုများ ဒေသအများအပြားတွင် တွေ့ကြုံနေရသည်။ မွန်ပြည်နယ်တွင်လည်း ယခုနှစ်စပိုင်းအထိ ပေါ်တာဆွဲပြီးငွေဖြင့် ပြန်လိုက်ရွေးယူရသည့် ဖြစ်စဥ်များက ဈေးကွက်တစ်ခုလိုဖြစ်နေသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက “ကျနော့်အသိတစ်ယောက်ဆို ကယ်ရီဆွဲသွားရင်းနဲ့ PDF နေတဲ့နေရာကလာတယ်ဆိုရော ပြန်မလွှတ်တော့ဘူး။ သူ့မိန်းမပိုက်ဆံနဲ့သွားလိုက်ရွေးတော့ သိန်း၃၀ တောင်းတယ်။ နောက်တစ် ခေါက်ထပ်တောင်းတာ မပေးနိုင်တော့ လူရောပိုက်ဆံပါပြန်မရတော့ဘူး။ အခုဆို မော်လမြိုင်မှာ ပသစ သင်တန်းတောင်တက်နေပြီး။” ဟု ပြောသည်။

စစ်အုပ်စု သတ်မှတ်ထားသည့် တစ်ပတ်စဥ်လျှင် လူဦးရေ ၅ ထောင်ဖြင့် စစ်မှုထမ်းသင်တန်းသည် ပြီးခဲ့သည့် အောက်တိုဘာလအထိ သင်တန်းအပတ်စဥ် (၁၈)ထိ ရောက်ရှိသွားပြီးဖြစ်သည်။

စစ်အာဏာသိမ်းထားဆဲကာလအတွင်း တပ်သားသစ်၊ တပ်သားဟောင်း တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်း ခိုလှုံမှုအများအပြားလည်း ရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန်အထိ ဘက်ပြောင်းခိုလှုံသူနှင့် ဖမ်းဆီးရမိသူ စစ်သုံ့ပန်း ၂,၀၀၀ ကျော်ရှိနေကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့၏စာရင်းအရ သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...