ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ မြို့နေရာ၊ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့အတွက် ခိုင်ခံတဲ့အဆေက်အဦးနေရာတွေမှာ ဝင်ရောက်နေရာယူလာတာဖြစ်ပြီး တစ်ဖက်မှာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ပိုပြီး စိုးရိမ်ဖွယ်ဖြစ်လာနိုင်တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်တပ်က နယ်မြေစိုးမိုးမှုရရှိဖို့အတွက် အဓိကကျတဲ့နေရာတွေကို တပ်စွဲလာတယ်။ ဟိုတယ်ကြီးတွေက ဘန်ကာလိုကောင်းတယ်။ အဲ့ကြောင့် ဟိုတယ်တွေမှာရှိတဲ့ လူတွေကို မောင်းထုတ်ပြီး တပ်စွဲလိုက်တယ်။ မှော်ဆီစာမှာပဲ မဟုတ်ဘူး။ တခြားလုံးခင်းတွေမှာလည်း လုပ်လာနိုင်ခြေရှိတယ်။ အခုလည်း တော်တော်များများနေရာတွေမှာ တပ်စွဲထားကြပြီ။ စိုးရိမ်စရာကောင်းတာက ပြည်သူတွေနေထိုင်တဲ့ မြို့နေရာတွေမှာ စစ်ရေးပိုပြီး တင်းမာလာနိုင်တယ်”လို့ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေက လုံးခင်း – ဖားကန့်သွားတဲ့ မိန်းလမ်းမပေါ်က မှော်ဆီကျေးရွာရှိ Sky Hotel ဝင်းအတွင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညအချိန်မှာ စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်တာဖြစ်ပါတယ်။
Sky Hotel ထဲမှာ တည်းခိုနေတဲ့ ဧည့်သည်တွေနဲ့အတူ ဟိုတယ်ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးပြီး မောင်းထုတ်လိုက်သလို မှော်ဆီစာ ဘုရားကုန်းနေရာမှာလည်း အင်အားတစ်ဖွဲ့ တပ်စွဲထားတယ်လို့သိရပါတယ်။
ပြည်သူတွေရှိတဲ့ နေရာအထိ စစ်တပ်က ပေါ်ပေါ်တင်တင် ဝင်ရောက်နေရာယူလာတဲ့ဖြစ်စဉ်တွေကြောင့် ဖားကန့်ပြည်သူတွေ ကြောက်လန့်မှုတွေဖြစ်နေပြီး ကျေးရွာရပ်ကွက်တွေအထိ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေ အဆောက်အဦး ဟိုတယ်နေရာတွေမှာ ဝင်ရောက်တပ်စွဲလိုက်တာဟာ ကျေးရွာနေရာတွေကို အဓိထိန်းချုပ်နိုင်ဖို့နဲ့ စစ်ဆေးရေးဂိတ်တွေ အခိုင်မာတပ်ချပြီး သွားလာတဲ့ ပြည်သူတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
အထပ်မြင့်တဲ့ ဟိုတယ်နေရာတွေဟာ စစ်ရေးအရ လက်နက်ကြီးဒဏ်၊ ဒရုန်းဒဏ်ကိုတွေ ခိုင်ခံ့တဲ့အပြင် လမ်းကြောင်းနေရာတွေကို လုံခြုံရေးရယူဖို့အတွက် အထိုင်ချတပ်စွဲလာတာဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“အဓိကတော့ လမ်းပိုင်းတစ်ကြောမှာ မိုင်းဆွဲတဲ့ ကိစ္စတွေ၊ နောက်တစ်ခုက ဟိုတယ်လိုမျိုးက လက်နက်ကြီး၊ ဒရုန်းဗုံးဒဏ်တွေခံနိုင်တယ်။ ကျနော်တို့ထင်တယ် လုံးခင်း၊ ဖားကန့်၊ မှော်ဆီစာ တွေကို ထိန်းချုပ်ဖို့ဆိုရင် စစ်ရေးအတွက်အရေးတဲ့ နေရာတွေလိုအပ်တယ်။ ဒါကြောင့် လုပ်လာတယ်လို့မြင်တယ်။ အဲ့လိုပဲ နောက်ထပ်နေရာတွေမှာလည်း ရှိလာနိုင်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။
မှော်ဆီစာ Sky Hotel က လုံးခင်းကျေးရွာ နဲ့ ဆိုင်းတောင် ကျေးရွာကို ဆက်သွယ်ထားတဲ့ မိန်းလမ်းမကြီးပေါ် ကပ်ယက်မှာတည်ရှိပြီး စစ်ရေးအရ သွားလာကန့်သတ်ဖို့ အချက်အချာကျတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
စစ်အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှား ဝင်ရောက်တပ်စွဲနေလာတဲ့ စစ်ကောင်စီတပ်တွေက ယခုရက်ပိုင်းအတွင်း ကားမိုင်း – နန့်ယားလမ်းပိုင်ကနေ ထပ်မံတက်လာတဲ့ စစ်ကြောင်းတွေနဲ့ ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းက ဝင်ရောက်နေတဲ့ စစ်အင်အားတွေဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလကတည်းကနေ ဖားကန့်ဒေသထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက ယခု နှစ်မကုန်ခင် နိုဝင်ဘာလအထိဆိုရင် ကားမိုင်း – နန့်ယားလမ်းတစ်လျှောက်၊ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေမှာ တပ်ဖြန့် ချထားပြီဖြစ်ပါတယ်။
ဖားကန့်မှာ အောက်တိုဘာလထဲ နှစ်ပတ်ခန့်သာ တိုက်ပွဲငြိမ်သက်သွားပေမယ့် နိုဝင်ဘာလ ၅ ရက်နေ့နောက်ပိုင်း စစ်ကြောင်းပြန်ထိုးတက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်နေတာ ၃ ရက်ခန့်ရှိလာပြီဖြစ်ပါတယ်။
တိုက်ပွဲဖြစ်တဲ့ ၃ ရက်အတွင်းမှာ ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာတစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ယာဉ်တန်းကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကားအပြင် ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း နှစ်ဖက်စစ်တပ်အပြန်အလှန်ဖြစ်တဲ့ တိုက်ပွဲမှာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ယခုအောက်တိုဘာလထဲ ကားမိုင်း – နန့်ယားလမ်းကနေ ပြန်တက်လာတဲ့ စစ်ကြောင်းထဲမှာ ရဲတပ်ရင်း (၃၀) က ရဲတပ်သား တစ်ရာကျော်ခန့်ပါ စစ်တပ်သားအင်အားအများအပြားက ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာကျေးရွာထဲမှာ တပ်စွဲနေရာယူထားပြီ ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာပြီးခဲ့တဲ့ မေကတည်းကနေ စစ်ကောင်စီတပ်တွေ ဝင်ရောက်သွားပြီးနောက် ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတာ ၆ လခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။







