မြောက်ပိုင်း ညီနောင်သုံးဖွဲ့ထဲမှ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲခြင်းမှာ ကလင်ဒါကျအရ အာရက္ခတပ်တော် (AA) အပေါ် တရုတ်အစိုးရ၏ ဖိအားပေး စေ့စပ်ညှိနှိုင်းမှုမျိုး ရောက်လာနိုင်ကြောင်း BNI-Myanmar Peace Mornitor ၏ အစီရင်ခံစာက သုံးသပ်ထားသည်။
AA ၏ ညီနောင်မဟာမိတ်များဖြစ်သည့် အဆိုပါ တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား အပစ်အခတ် ရပ်စဲခြင်းမှာ ငြိမ်းချမ်းရေးသို့ ဦးတည်သည့် အပစ်အခတ်ရပ်စဲခြင်းဟု ရှုမြင်ရန် ခက်ခဲကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
“အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတဝှမ်းလုံးတွင် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များ ကိုဆက်လက်တိုးမြှင့်လာဖွယ်ရှိသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေ တော်လှန်ရေး အင်အားစုများအနေဖြင့် ၎င်းတို့ စိုးမိုးထိန်းချုပ်ထားရာ နယ်မြေဒေသအလိုက် စုစည်းညီညွတ်မှုနှင့် ပူးပေါင်းလှုပ်ရှားမှုများ ပိုမိုခိုင်မာအားကောင်းရန် အထူးလိုအပ်လာပြီဖြစ်ကြောင်း” ဟု BNI-Myanmar Peace Mornitor က ဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ဒေသတွင် တအာင်းတပ် ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ် ၁၂ ခု ရှိခဲ့သည်။
ယင်းမြို့နယ်များအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၇၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး ယင်းဖြစ်စဉ်များ၏ ၈၀ ရာခိုင်နှုန်းမှာ TNLA ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ပိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း BNI အစီရင်ခံစာက ဆိုသည်။
စစ်ကောင်စီသည် TNLA ထိန်းချုပ်မြို့နယ်များဖြစ်သော နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့တို့ကို တိုက်ပွဲဖြင့် ပြန်လည်သိမ်းယူထားပြီး မိုးကုတ်နှင့် မိုးမိတ်မြို့တို့အား တရုတ်အကူအညီဖြင့် ပြန်လည် ရယူခဲ့သဖြင့် တအာင်းတပ် အနေဖြင့် မြို့ ၅ ခုကို ပြန်လည်လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီနှင့် ကိုးကန့်တပ် ကြားတွင်လည်း လက်ရှိတွင် အပစ်ရပ်ထားပြီး ကိုးကန့်တပ် ထိန်းချုပ်ရာ လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီဖြင့် ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီပြန်လည် ထိန်းချုပ်ထားသည့် နောင်ချိုနှင့် ကျောက်မဲ၊ အပစ်ရပ်သဘောတူညီချက်အရ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာပေးရမည့် မိုးကုတ်နှင့် မိုးမိတ်မြို့များမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရသည့် မြို့များထဲတွင် ပါဝင်ကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ကိုးကန့်တပ်က တရုတ်အစိုးရကြားဝင်မှုကြောင့် စစ်ကောင်စီထံ ပြန်ပေးခဲ့ရသည့် လားရှိုးမြို့သည်လည်း လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရသည့် မြို့ထဲတွင် ပါဝင်သည်။
ယင်းအပြင် ရှမ်းမြောက်တလွှားတွင် အပစ်အခတ်ရပ်စဲလိုက်နိုင်ပြီဖြစ်သည့် စစ်ကောင်စီသည် လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲတွင် အပစ်မရပ်ဘဲ ကျန်နေသည့် အာရက္ခတပ်တော်ထိန်းချုပ်ရာမြို့နယ်များအား TNLA နှင့် အပစ်ရပ်ပြီးချိန်မှ စ၍ လေကြောင်းတိုက်ခိုက်မှုများအား ခပ်စိပ်စိပ်ပြုလုပ်လာနေသည်ကို တွေ့ရသည်။
“ရှမ်းမြောက်ဒေသ TNLA ထိန်းချုပ်မြို့တွေကို စစ်ကောင်စီက စစ်ဆင်ရေးလုပ်ခဲ့မှုတွေကို ကြည့်ရင် ပထမဆုံး လေကြောင်းပစ်ခတ်မှုတွေ အများအပြားလုပ်ခဲ့တာကို တွေ့ရတယ်။ နောက်ပြီးမှ မြေပြင်အင်အားဖြည့်ပြီး ချီတက်တဲ့ ပုံစံမြင်ရတယ်။ ဒါကြောင့် အခုလည်း ရခိုင်ဒေသမှာ အဓိက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေကို လေကြောင်းပစ်ခတ်နေတာကို ကြည့်ရင် မြေပြင်တပ်တွေကလည်း ထိုးစစ်တက်လာမလားဆို တာကိုတော့ စောင့်ကြည့်ရအုံးမယ်” ဟု ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှာ MNDAA နှင့် TNLA တို့သည် စစ်ကောင်စီနှင့် အပစ်ရပ်ထားပြီဖြစ်၍ လက်ရှိတွင် အာရက္ခတပ်တော် တစ်ဖွဲ့တည်းသာ တိုက်ပွဲဖော်ဆောင်နေသည့် အနေအထားတွင် ရှိတော့သည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး၏ ဦးဆောင်အဖွဲ့ ၂ ခုနှင့် စစ်ကောင်စီတို့ကြား အပစ်ရပ်နိုင်ခဲ့သည့် အခြေအနေကို လေ့လာကြည့်ပါက ငြိမ်းချမ်းရေးကို ဦးတည်ခြင်းမဟုတ်ဘဲ တရုတ်အစိုးရ၏ ဖိအားပေးမှု၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်သာ ဖြစ်ကြောင်း BNI ၏ အစီရင်ခံစာက သုံးသပ်ထားသည်။







