AA တပ်စခန်းများ လှမ်းပစ်ခဲ့ကြောင်း BGB ဝန်ခံ၊ AA က ပစ်ခတ်၍ ပြန်ပစ်ရခြင်းဟု ဖြေရှင်းချက်ပေး

AA တပ်စခန်းများ လှမ်းပစ်ခဲ့ကြောင်း BGB ဝန်ခံ၊ AA က ပစ်ခတ်၍ ပြန်ပစ်ရခြင်းဟု ဖြေရှင်းချက်ပေး

ရခိုင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် BGB တပ်ဖွဲ့ဝင်များက အာရက္ခတပ်တော် တပ်သားများ ကို ပစ်ခတ်ရခြင်းမှာ AA က စတင် ပစ်ခတ်ခြင်းကြောင့် ပြန်လည်ပစ်ခတ်ရခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ် BGB က နိုဝင်ဘာ ၇ တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၅ ရက်၌ အာရက္ခတပ်တော် တပ်ဖွဲ့ဝင် ၃ ဦးမှာ သုညမျဉ်း(Zero Line) ကို ကျော်ပြီး BGB တပ်ဖွဲ့ဝင်များ ကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ ခြင်းကြောင့် နယ်ခြားမှတ်တိုင်ကိုပင်ထိမှန်ခဲ့ဟု ဆိုထားပြီး BGB တပ်ဖွဲ့ဝင် များကလည်း သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဆိုထားသည်။

ထို့အတူ အဆိုပါနေ့က BP 22 နယ်စပ်မှတ်တိုင်အနီးက အထက်ကျီးကျွန်း AA လုံခြုံရေးစခန်းကို BGP က AK ကျည်လေးထောင့်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်က ဖြေရှင်းချက်ပေးလာခြင်းဖြစ်သည်။

BGP ပြောဆိုချက်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက “BGB ကစွပ်စွဲသလို ကျနော်တို့ ဖက်က ပစ်တယ်ဆိုတဲ့ ဖြစ်စဉ်မရှိဘူး။ သူတို့ပြောသလို အာရက္ခတပ်တော်က ရဲဘော်သုံးယောက် နယ်စပ်မျဉ်းကို ဖြတ်ကျော်တာလဲမရှိဘူး” ဟု DMG ကိုပြောသည်။

လက်ရှိ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နှစ်ဘက်တပ်များ ပုံမှန်လုံခြုံရေးချထားကြောင်းလည်း သိရသည်။

“အဲဒီနယ်စပ်ဒေသမှာ သူတို့ မွေးစားထားတဲ့ ARSA၊ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ကျနော်တို့ ဖက် ကို နတ်မြစ်ထဲမှာဆို ကျွန်းတွေကို လှေငယ်တွေနဲ့ ဝင်လာလိုက် ဒီကျွန်းတွေကနေ သူတို့ပစ်ချင်တဲ့ဘက်ကို လှည့် ပစ်နေတယ်။ တစ်ခါတစ်ခါ ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကိုလည်း ပြန်ပစ်တာတွေရှိတယ်” ဟု ဦးခိုင်သုခက ဆက်ပြောသည်။

အလားတူ မွတ်ဆလင်လက်နက်ကိုင်များ၏ မြေမြှုပ်မိုင်းကြောင့် BGB တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားရခြင်းနှင့် ပတ်သတ်၍လည်း အာရက္ခတပ်တော် AA ကို စွပ်စွဲထားသည်။

ယင်းကိစ္စအပေါ်တွင်လည်း ဦးခိုင်သုခက “အရင်တုန်းကလည်း ARSA ထောင်ထားတဲ့ မိုင်းတစ်လုံးကို နင်းမိလို့ BGB တစ်ယောက် ဒဏ်ရာရသွားပြီး နောက်ပိုင်းဆေးရုံမှာ သေသွားတာရှိတယ်။ အဲဒါတွေက သူတို့ သင်တန်းပေး လက်နက်တပ်ဆင်ပေးထားတဲ့ အကြမ်းဖက်အဖွဲ့တွေကို မထိန်းချုပ်နိုင်လို့ ဖြစ်နေတဲ့ ပြသနာတွေပဲဖြစ်တယ်။ ဒါတွေက ကျနော်တို့နဲ့ ပတ်သက်မှုမရှိဘူး” ဟုလည်း ရှင်းပြသည်။

၎င်းအပြင် BGB သည် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သတ်မှုမရှိကြောင်းလည်း ငြင်းဆိုထားပြီး မူးယစ်ဆေးများကိုဖမ်းဆီးခြင်းကြောင့် BGB ၏ ဂုဏ်သိက္ခာထိခိုက်စေရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်းလည်း တန်ပြန်စွပ်စွဲထားသည်။

ထို့အပြင် အာရက္ခတပ်တော်ကို မူးယစ်ဆေး ကုန်သွယ်နေကြောင်း စွပ်စွဲထားသည့် အပြင် အာရက္ခတပ်တော်၏ ပြောဆိုများမှာ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်းလည်း ဆိုထားသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကိုလည်း ရခိုင်အခြေစိုက်ဟု သုံးနှုန်းထားပြီး အကူအညီပေးခြင်းတစ်စုံတစ်ရာ မရှိကြောင်းနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုသာ ကာကွယ်ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။

အာရက္ခတပ်တော်၏ လုပ်ရပ်များကို ရပ်တန့်ဖို့လည်း တိုက်တွန်းထားပြီး ယခုလို စွပ်စွဲချက်များသည် ငြိမ်းချမ်းရေး ကို ဦးမတည်စေဘဲ နှောင့်ယှက်ရာရောက်ခြင်းကြောင့် BGB အနေဖြင့် စိတ်ပျက်မိကြောင်း သဘောထားထုတ်ပြန်ထားသည်။

July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...