စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲရှိ စစ်ရေးအရ အချက်အချာကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းယူသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ကနေဒီတောင်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်ဆိုတာ မှန်ပါတယ်။ သူတို့က ၄ ရက်နေ့က အဲဒီစခန်းကုန်းကို ရောက်သွားပြီလို့ ကြားတယ်။ တိုက်ပွဲ မဖြစ်တော့ ဘယ်ချိန် ဘယ်နှစ်နာရီတော့ မသိဘူး။ ကနေဒီတောင်ဟာ စစ်ရေးအရ အရေးပါပါတယ်။ ကျနော်တို့ ပြန်ယူမှ ဖြစ်မယ့်နေရာ တစ်နေရာလို့ပဲ ဖြေပါရစေ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တီးတိန်မြို့ခလရ ၂၆၉ တပ်ရင်းမှ သိုင်းငင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၄ ရက်မှာ စစ်ရေးအရ အရေးပါသော ကနေဒီတောင်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တပ်စွဲထားကြောင်း၊ ယင်းစစ်ကြောင်းသည် သိုင်းငင်းသို့ ဆက်လက်ဆင်းလာနိုင်ကြောင်း သိရသည်။

အောက်တိုဘာလကုန်ပိုင်းက တီးတိန်မြို့ရှိ ခလရ ၂၆၉ ကို လေကြောင်းမှ စစ်အင်အား ဖြည့်တင်းပြီးနောက် စစ်ကော်မရှင်တပ်သည် တီးတိန်မှ သိုင်းငင်းသို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်ကလည်း အဆိုပါစစ်တပ်စစ်ကြောင်းသည် Suangpi ကျေးရွာကို ဝင်ရောက်၍ ဒေသခံရွာသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ကနေဒီတောင်ပေါ်ရှိ စစ်စခန်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော်တွင် တည်ရှိပြီး စစ်ရေးအရာ အချက်အချာ ကျသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ အင်အား ၂၀၀ ဝန်းကျင်နှင့် တီးတိန်မှ သိုင်းငယ်သို့ အင်အား ၂၀၀ ဝန်းကျင်တို့ဖြင့် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေးမှ တက်လာသော စစ်တပ်စစ်ကြောင်းသည် မွှာလ်ပီးဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ရပ်တန့်နေကြောင်း သိရသည်။

ကနေဒီတောင်ပေါ်ရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF – Zoland က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှာ သိမ်းယူထားနိုင်ခဲ့သည်ဟု သိရသည်။

photo credit - CJ

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...