စစ်ရေးအခြေအနေကြောင့် ဖရူဆို- ထားလဲ- နန်းဖဲ- ဘောလခဲလမ်း ရက်အကန့်အသတ်မရှိ KNDF ပိတ်

စစ်ရေးအခြေအနေကြောင့် ဖရူဆို- ထားလဲ- နန်းဖဲ- ဘောလခဲလမ်း ရက်အကန့်အသတ်မရှိ KNDF ပိတ်

မြေပြင်စစ်ရေးအခြေအနေများကြောင့် ကရင်နီပြည်နယ်၊ ဖရူဆို- ထားလဲ- နန်းဖဲ- ဘောလခဲ လမ်းမကြီးကို ယနေ့ (နိုဝင်ဘာ ၆) မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ယမန်နေ့က ထုတ်ပြန်အသိပေးသည်။

အဆိုပါ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရသည့် လမ်းသွယ်များအားလုံးကိုလည်း အသုံးပြုသွားလာခြင်း လုံးဝ မပြုလုပ်ရန် ဆိုထားသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်များက ဖရူဆို- ထားလဲ- နန်းဖဲ လမ်းမကြီးဖက်သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများရှိလာသောကြောင့် မြေပြင်စစ်ရေးအခြေအနေအရ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာဘက်မှ စစ်ကော်မရှင်တပ်များမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ထားလဲဖက်သို့ မျက်နှာမူကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခဲ့ပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဖရူဆိုမြို့အပြင်ဘက်သို့ရောက်ရှိလာသည့် စစ်ကော်မရှင် စစ်ကြောင်းတချို့သည် ဖရူဆိုမှ ထားလဲ-နန်းခဲ-ဘောလခဲ လမ်းမကြီးပေါ်ကို မျက်နှာမူပြီး လှုပ်ရှားလာသော်လည်း ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။

သို့သော် ယခုနိုဝင်ဘာလထဲတွင် စတင်ပြီး အဆိုပါ စစ်ကော်မရှင်တပ်များက ပြန်လည် စစ်ကြောင်းထိုး လှုပ်ရှားလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းကလည်း မြေပြင်စစ်ရေးအခြေအနေများကြောင့်ဖရူဆို- ထားလဲ-နန်းဖဲ လမ်းမကြီးကို KNDFက ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ဖူးသည်။ ထိုစဉ်က အရေးပေါ်ကိစ္စများရှိလာသည့်အခါတွင်မူ လုံခြုံရေးအခြေအနေကို မူတည်ပြီးသွားလာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

“သို့သော်လည်း အခုလက်ရှိက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလှုပ်ရှားမှုတွေက မလှမ်းမကမ်းမှာဖြစ်လာတယ်။ ပြီးတဲ့အခါ စစ်ကြောင်းတွေက ထွက်လာတဲ့အခါမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲတွေဖြစ်နေတာဖြစ်တဲ့အတွက် ဒီလမ်းကြောင်းက သုံးဖို့အတွက် အဆင်မပြေတော့ဘူး။ မသင့်တော်တော့ဘူး”ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် လက်ရှိတွင် လုံခြုံရေးအခြေအနေအရ ကြည့်ပါက မည်သို့မျှ လုံခြုံရေးအပေါ်တွင် အာမခံချက် ပေးနိုင်သည့် အနေအထားမျိုးမရှိသည့်အတွက် လုံးဝ သွားလာခြင်းမျိုးမပြုလုပ်ရန် ထပ်မံ အသိပေးခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

“အဲ့တော့ ဒီထုတ်ပြန်ချက်တွေအပေါ်မှာ လူထုတွေအနေနဲ့ အလေးထားဖို့လိုတယ်။ ပြီးတဲ့အခါမှာ လိုက်နာဖို့

လိုတယ်။ မသွားလာဖို့ပြောထားရင်တော့ လုံးဝမသွားလာဖို့လိုတယ်ပေါ့နော်။ ဘာလို့လဲဆိုရင် ဒါတွေက လူထုကို ကျွန်တော်တို့က ချုပ်ချယ်ကန့်သတ်တာမျိုးမဟုတ်ဘဲနဲ့ ဒီမြေပြင်စစ်ရေးအခြေအနေအရက အင်မတန် အရမ်းကို အန္တရာယ်များတဲ့အနေ အထားမျိုးဖြစ်တဲ့အတွက် အသိပေးတာမျိုးဖြစ်တယ်”ဟု ပြောသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင်တပ်က အလုံးအရင်းဖြင့် စစ်အင်အားဖြည့်တင်းလာခြင်းနှင့် စစ်ကြောင်းထိုးခြင်းတို့ကြောင့် ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ မြင့်တက်လျက်ရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)ကလည်း ယမန်နေ့ (နိုဝင်ဘာ ၅) ကထုတ်ပြန်ထားသည်။

စစ်ကော်မရှင်အနေဖြင့် ကရင်နီတွင် နေ့စဉ် တာဝေးပစ် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခြင်းနှင့် လေယာဉ်၊ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများကို တိုက်ပွဲဧရိယာများအပြင် ပြည်သူနေထိုင်ရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်းလည်း KnHRG က ဆိုထားသည်။

ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...