ငွေကြေးမတတ်နိုင်၍ ရခိုင်စစ်ဘေးရှောင်အချို့ ဆေးမကုနိုင် ဖြစ်နေ

ငွေကြေးမတတ်နိုင်၍ ရခိုင်စစ်ဘေးရှောင်အချို့ ဆေးမကုနိုင် ဖြစ်နေ
ငွေကြေးမတတ်နိုင်၍ ရခိုင်စစ်ဘေးရှောင်အချို့ ဆေးမကုနိုင် ဖြစ်နေ
ငွေကြေးမတတ်နိုင်၍ ရခိုင်စစ်ဘေးရှောင်အချို့ ဆေးမကုနိုင် ဖြစ်နေ

ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ ငွေကြေး အခက်ခဲတို့ကြောင့် ဆေးကုသမှု မခံယူနိုင်ဘဲ ဖြစ်နေသူ အများအပြားရှိနေကြောင်း လူမှုကူညီရေးလုပ်နေသူများထံမှ သိရသည်။

အခြေခံကုန်ဈေးနှုန်းနှင့်အတူ ဆေးဝါးဈေးနှုန်းမှာလည်း ယခင်ထက် အဆမတန် မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပြင် ဆေးဝါးကုသမှုအပိုင်းတွင် စိန်ခေါ်မှုများစွာရှိနေကြ ခြင်းဖြစ်သည်။

“ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းကတော့ စစ်ဘေးရှောင်တွေ ကိုယ်တိုင် လူမှုကူညီရေးအဖွဲ့တွေကို လာရှာပြီး အကူအညီတောင်းတာက နည်းတယ်။ ဘာလို့ဆို လမ်းခရီး ဝေးတာရယ်။ ဆက်သွယ်ရေးတွေ အဆင်မပြေတာတွေကြောင့်လည်း ပါတယ်။ အဲဒီတော့ ကူညီရေးအဖွဲ့တွေ သွားရင်းလာရင်း အရေးပေါ် လူနာတွေတွေ့ရင် ဆေးကုသဖို့ ပို့ပေးရတာတွေ ရှိတယ်” ဟု ဂွမြို့နယ်က စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် ဆေးဝါးဈေးနှုန်းများမှာ ယခင်တိုက်ပွဲမဖြစ်ခင် ကာလထက် ဈေးနှုန်း ၂ ဆကျော် မြင့်တက်နေပြီး ဒီကိုဂျင်တစ်ကဒ်ကို ၆,၀၀၀ ကျပ်၊ ဘိုင်အိုဂျက်ဆစ်တစ်ကဒ်ကို ၄,၀၀၀ ကျပ်၊ ပါရာစီတာမော တစ်ကဒ် ၁,၀၀၀ ကျပ်ခန့် ဈေးပေးကာ ဝယ်ယူသောက်သုံးနေကြရသည်။

ယင်းအပြင် ဆေးဝါးဈေးနှုန်းများမှာ ရခိုင်မြောက်ပိုင်းထက် တောင်ပိုင်းဒေသများတွင် ယခုထက် ပိုမိုမြင့်တက်နေကြောင်း သိရသည်။

ထို့ကြောင့် အလုပ်အကိုင်ရှားပါးကာ ဝင်ငွေမရှိသလောက် နည်းပါးကြသည့် စစ်ဘေးရှောင်များမှာ နေမကောင်း ဖြစ်လျှင် ဆေးရုံ၊ ဆေးခန်းသွားရောက်ကုသမှု မခံယူနိုင်သဖြင့် အသက်သေဆုံးသူတို့လည်း ရှိနေကြောင်း ပြောဆိုကြသည်။

ကျောက်တော်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “နေမကောင်းလို့ ဆေးတစ်ချိန်စာ ဝယ်သောက်မယ် ဆိုရင် ပိုက်ဆံ ၃,၀၀၀ အနည်းဆုံး ပေးရတယ်။ ပုံမှန် တစ်ရက်ဝင်ငွေနဲ့တောင် တစ်နေ့တာ စားဖို့ မမျှဘူး။ ဆေးသောက်ဖို့ကို ချင့်ချိန်ရတယ်။ နည်းနည်းပါးပါး နှာစေးချောင်းဆိုးလောက်ဆိုရင်တော့ ကြိတ်ခံပြီး နေရတာပဲ” ဟု ဆိုသည်။

ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်ပွားမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတို့ကြောင့် ပြည်သူများမှာ စီးပွားရေးကျပ်တည်းမှုဒဏ်ကြား ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။

ထို့အတူ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များမှာလည်း ၎င်းတို့ ခိုလှုံသည့် နေရာများ၌ ကြုံရာကျပန်းလုပ်ကိုင်ကာ ဝမ်းစာရှာဖွေနေကြရပြီး အချို့စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ ပြတ်တောက်မှုကြောင့် အလှူခံစားသောက်နေကြရသူများလည်းရှိကြောင်း သိရသည်။

“တချို့စစ်ဘေးရှောင်တွေဆိုရင်လည်း ငွေကြေး မတတ်နိုင်တဲ့အတွက် ဆေးခန်းသွားမပြကြတာတွေ ရှိတယ်။ သောက်ဆေးတွေ မှီဝဲပြီးတော့ ကြိတ်ခံရတာတွေ ရှိတာပေါ့။ တချို့ဆိုလည်း အဖျားကြီးပြီး သတိလစ်တော့မှ ဆေးခန်းသွားပြကြတော့ အချိန်မှီ ဆေးမကုနိုင်လို့ အခြေအနေ ပိုဆိုးသွားတာမျိုးတွေလည်း ရှိတယ်” ဟု နောက်ထပ် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ဘေးရှောင် ၆ သိန်းနီးပါးရှိပြီး စစ်ဘေးရှောင်များမှာ အခက်အခဲမျိုးစုံရင် ဆိုင်နေရသည့် ကြားထဲ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအန္တရာယ် ခြိမ်းခြောက်ခံရမှုများကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေကြရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...