ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ လာမည့် ဆောင်းတွင်းကာလ အအေးဒဏ်ကို ကာကွယ်ရန်အတွက် အနွေးထည်နှင့် စောင်လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် လှုမှုကူညီနေသူများထံမှ သိရသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ သံတွဲ ၊ ဂွ စသည့် မြို့နယ်များမှ စစ်ဘေးရှောင်အများစုမှာ ယာယီ စခန်းများ၊ တောတောင်အနီး၊ လယ်ကွင်းပြင်များတွင် ယာယီတဲထိုးနေထိုင်ရသဖြင့် လာမည့် ဆောင်းရာသီ အတွက် အနွေးထည်အင်္ကျီများ၊ စောင်နှင့် ခြင်ထောင် အကူအညီများရရှိရန် စစ်ဘေးရှောင်များ မျှော်လင့်နေကြသည်။
“စောင်အပါး တစ်ထည်ကို ၃၀,၀၀၀ ကျော်တောင် ရှိတယ်။ စောင်တစ်ထည် ဝယ်ပြီး တစ်မိသားစုလုံး ခြုံလို့လည်း မရဘူး။ တစ်ရက်လုံး အလုပ်လုပ်ရင်တောင် ဝင်ငွေက စောင်တစ်ထည်ဖိုး မရဘူးလေ။ သမံတလင်းမှာ အိပ်ရတဲ့အတွက် ခန္ဓာအရိုးအဆစ်အမြစ် ကိုက်ခဲတာတွေလည်း ဆောင်းရာသီရောက်တိုင်း ကြုံရတယ်” ဟု ကျောက်တော်မြို့နယ်မှ အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ်ရှိ ကံကြီးသျှင် စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ နွေ၊ မိုး၊ ဆောင်း ၃ ရာသီလုံး သမံတလင်းပေါ်တွင် ကတ်ထူပြားနှင့် တာပေါ်လင်စများ ခင်းကာ နေထိုင်အိပ်စက်နေကြရခြင်း ဖြစ်သည်။
ထို့ကြောင့် ဆောင်းတွင်းကာလရောက်တိုင်း အအေးဒဏ်ကြောင့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များမှာ နေမကောင်းအဖြစ် များကြသဖြင့် လေဖြန်းရောဂါနှင့် လေးဖက်နာရောဂါဖြစ်မည်ကို စိုးရိမ်နေကြရကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
လက်ရှိ ရခိုင်ဒေသအတွင်း အနွေးထည်နှင့် စောင်ဈေးနှုန်းများမှာ ယခင်ထက် အဆမတန်မြင့်တက်နေပြီး စောင် တစ်ထည်ကို အနိမ့်ဆုံးဈေး ၃၀,၀၀၀ မှ အမြင့်ဆုံးဈေး ၁၀၀,၀၀၀ အထိ ရှိကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် ၃၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “လယ်ကွင်းပြင်မှာ နေရတာဖြစ်တဲ့အတွက် အရမ်းအေးတယ်။ ဆောင်းလေ တိုက်ရင် ခိုက်ခိုက်တုန်အောင် ချမ်းတာ။ အိပ်ရာခင်းတွေဆိုရင်လည်း တာပေါ်လင်စတွေကို ခင်းပြီး အိပ်ရတဲ့အတွက် အအေးဒဏ်က ပိုဆိုးတယ်။ စောင်တွေ အလှူလာပေးရင်လည်း တစ်အိမ်ထောင်စုအတွက်က တစ်ထည်ပဲ ရတယ်လေ။ လုံလောက်မှုတော့ မရှိဘူး” ဟု ပြောသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စကာ စစ်ဘေးရှောင်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်မှာ လက်ရှိအချိန် ၂ နှစ်နီးပါးလာမြင့်လာပြီး ရခိုင်ပြည်အနှံ့ လုံခြုံရာ နေရာများတွင် ခိုလှုံနေကြရသည်။
ယင်းအပြင် တိုက်ပွဲကာလအတွင်း အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အရေးပေါ်ထွက်ပြေးတိမ်းရှောင် လာကြရသည့်အတွက် စစ်ဘေးရှောင်ချိန် ကြာမြင့်လာသည်နှင့်အမျှ အကူအညီရရှိမှု နည်းပါးလာကာ ဝမ်းရေးအပြင်၊ နေထိုင်ရေး စသည့် အဘက်ဘက်မှ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
“စစ်ဘေးရှောင်ချိန် ကြာလာတာနဲ့အမျှ အထောက်အပံ့တွေ အလုံအလောက် ရရှိဖို့ မလွယ်ကူလာတဲ့ အခြေအနေတွေ့ရတယ်။ ပြောရမယ်ဆိုရင် အလှူရှင် ရှားပါးလာတာပေါ့။ ဒီ ၂၀၂၅ ခုနှစ်ထဲမှာတင် အလှူရရှိမှုက သိသိသာသာ လျော့နည်းသွားတယ်။ ရခိုင်တောင်ပိုင်းနဲ့ မြောက်ပိုင်းနှစ်ခုလုံးက စစ်ဘေးရှောင်အများစုကတော့ အလုပ်လက်မဲ့တွေ၊ ကြုံရာကျပန်း လုပ်နေကြရတဲ့သူတွေ ဖြစ်တဲ့အတွက် တော်တော်များများ စားရေးသောက်ရေး အခက်ကြုံနေကြရတာတွေ ရှိတယ်” ဟု လှုမှုကူညီရေး လုပ်နေသူအမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့်လည်း စစ်ဘေးရှောင်များထံ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိရန် အလှမ်းဝေးနေပြီး လှုမှုကူညီရေးအဖွဲ့အစည်းအချို့မှာလည်း ပဋိပက္ခ နောက်ဆက်တွဲ အခြေအနေများကြောင့် အကူအညီသွားရောက်ပေးအပ်နိုင်ရေးအတွက် လုံခြုံရေး စိုးရိမ်ချက်များ ရှိနေကြောင်း သိရသည်။
လက်ရှိ ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးအထိ ရှိပြီး စစ်ဘေးရှောင်များမှာ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်၊ ငတ်မွတ်မှုဒဏ်နှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးရန် ခြိမ်းခြောက်ခံရမှုကြား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ရင်ဆိုင်ဖြတ်သန်းနေကြရသည်။







