ကျောက်ဖြူသွားမည့် ဒေသခံ ၄၀၀ ခန့် မဒေးကျွန်း၌ ပိတ်မိနေ

ကျောက်ဖြူသွားမည့် ဒေသခံ ၄၀၀ ခန့် မဒေးကျွန်း၌ ပိတ်မိနေ
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့် ပြည်မဖက်သို့ သွားမည့် စစ်ဘေးရှောင်၊ လူနာနှင့် ကျောင်းသားများ အပါဝင် လူဦးရေ ၄၀၀ ခန့်ကို စစ်တပ်က ပိတ်ဆို့ထားသဖြင့် သွားလာခွင့်မရဘဲ ပိတ်မိနေကြောင်း ဒေသခံများထံက သိရသည်။

ပိတ်မိနေသူများထဲတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် အခြားမြို့နယ်တို့မှ ပါဝင်ပြီး ကျောင်းပိတ်၍ အိမ်ပြန်သွားသည့် ကျောက်ဖြူမြို့နယ်က ကျောင်းသားအချို့လည်း မြို့ပေါ် ပြန်ခွင့်မရဘဲ မဒေးကျွန်းတွင် သောင်တင်နေခြင်းဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “ မဒေးကျွန်းမှာ ကျောက်ဖြူနဲ့ ပြည်ဖက်ကို ဆေးကုသွားမယ်သူနဲ့ စစ်ဘေးရှောင် ၄၀၀ လောက်ပိတ်မိနေတာ။ တစ်ချို့ဆို လနဲ့ချီပြီး ရှိနေပြီ။ အဓိကတော့ စနဲဖက်မှာ တိုက်ပွဲတွေ ဖြစ်ကတည်း မြို့ကို ဝင်ခွင့်မပေးဘဲ လမ်းပိတ်ထားတာ။ ပိတ်မိနေသူတွေ အထဲမှာ ကျောင်းသားတွေ၊ စစ်ရှောင် လူနာတွေ အစုံပါတယ်။ စစ်တပ်ဖက်က ပိတ်ထားတာ ” ဟု ပြောသည်။

အဆိုပါ မဒေးကျွန်းနှင့် အနီးတဝိုက်တွင် စက်လှေ အဝင်အထွက်များကို စစ်တပ်က လုံးဝ ဝင်ထွက်ခွင့်မရအောင် လုပ်ထားခြင်းဖြစ်သည်။

ယင်းကြောင့် ထိုကျွန်းသို့ ရောက်နေသူများမှာ ကုန်ကျစရိတ်များလည်း အဆမတန်များနေကြောင်း ပြောကြသည်။

ယခုရက်ပိုင်းအတွင်းမှာ ပိတ်မိနေသူများထဲက တစ်ချို့ကို စစ်အစိုးရ ထွေ/အုပ်က ဝင်ခွင့်ပြုခဲ့သော်လည်း အများစုမှာ စစ်အစိုးရ၏ ဝန်းထမ်းနှင့် မိသားစုဝင်များသာ ဖြစ်ကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အတူ လက်ရှိတွင် ဓညဝတီရေတပ်ဌာနချုပ်ကလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ လုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြောင်း ပြောကြသည်။

“ မဒေးကျွန်းမှာ အဓိကတော့ ထွေအုပ်ဖက်ကလည်း မြို့ဝင်ခွင့် မရလို့ ပိတ်မိနေတာ။ ကိုယ့်အိမ်ကိုလည်း ပြန်ခွင့် မရှိတော့ဘူး။ မနေ့ကဆို မဒေးကျွန်းမှာ စက်လှေတောင် ကပ်ခွင့်မရှိဘူးလို့ အမိန့်ထုတ်ထားတယ်လို့ ကြားတယ် ” ဟု နောက်ထပ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် မေလလယ်ပိုင်းကစပြီး စနဲမြို့နှင့် တောင်မော်ကြီး ရေတပ်ကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်ဖက်က အကျအဆုံးများသဖြင့် ရှုံးမဲ့မဲ့လာခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

မဒေးကျွန်းသည် ကျောက်ဖြူမြို့နယ်၊ ဘင်္ဂလားပင်လယ်အော်အနီး သံဇစ်မြစ်တွင် တည်ရှိပြီး တရုတ်-မြန်မာ မဟာဗျူဟာမြောက် စွမ်းအင်စီမံကိန်းကြီးများ အခြေစိုက်ရာ အလွန်အရေးပါသော ကျွန်းတစ်ကျွန်း ဖြစ်သည်။

ထိုကျွန်းပေါ်တွင် ရွာမ၊ ပြိန်၊ ကျောက်တန်း၊ ကြိမ်ချောင်း၊ ကူးတို့ဆိပ် စသည့် ကျေးရွာ (၅) ရွာခန့် ရှိပြီး၊ အိမ်ခြေ ၇၀၀ ကျော်နှင့် လူဦးရေ ၃,၀၀၀ ခန့် နေထိုင်ကြောင်း ဒေသခံများကပြောသည်။

ထို့အတူ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) မှ တည်ဆောက်ထားသည့် တန်ချိန် ၃၀၀,၀၀၀ ဆန့် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းနှင့် ရေနံသိုလှောင်ရုံကြီးများရှိနေပြီး ထိုကျွန်းမှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့အထိ ပို့လွှတ်နေခြင်း ဖြစ်သည်။

မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...