ငြိမ်းချမ်းရေး လမ်းလျှောက်ခရီး ငါးရက်မြောက်နေ့သို့ ရောက်

ငြိမ်းချမ်းရေး လမ်းလျှောက်ခရီး ငါးရက်မြောက်နေ့သို့ ရောက်
Photo: CJ
Photo: CJ

သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့နှင့်လူထု လိုက်ပါလာသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဥ်မှာ ဇွန်လ(၄)ရက်တွင် ငါးရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့-KRW ထုတ်ပြန်ချက်အရ သိရသည်။

မေလ(၃၁)ရက်နေ့က ချင်းမိုင်ခရိုင်၊ မယ်အိုင်၊ သာတွန်ရှိ ကောက်မြစ်ကူးတံတားမှ စတင်ခဲ့သည့် အဆိုပါခရီးစဥ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပြင် မြစ်ရေညစ်ညမ်းမှုများကြောင့် ဒေသခံထိခိုက်နစ်နာနေမှုများကို ဖော်ထုတ်ပြသရန်၊ အစိုးရမှ အလေးအနက်ထား ဖြေရှင်းပေးရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ခရီးစဥ်တွင်လိုက်ပါလာသူများမှာ ၉ ကီလိုမီတာကျော်ကျော် လမ်းလျှောက်ခဲ့ကြပြီးနောက် ယမန်နေ့ကအထိ ချင်းရိုင်၊ မယ်ယောကျေးရွာအုပ်စု၊ ကွဲဝွားဒမ်ကျေးရွာသို့ ဆက်လက်ချီတက်လာကြသည်။ နံနက်ဖြန် ဇွန်လ(၅)ရက်၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ချင်းရိုင်မြို့သို့ ရောက်ရှိရန် လျာထားကြောင်းလည်း KRW က ဖော်ပြသည်။

“မြစ်ထဲကရေတွေကို ဒေသခံတွေကအသုံးပြုကြတယ်။ ဒီထဲမှာပါဝင်နေတဲ့ အဆိပ်အတောက်တွေက လူတွေကိုထိခိုက်စေတယ်။ မြို့မှာနေတဲ့သူတွေကလည်း အသီးအရွက်တွေ မြစ်ထဲကဖမ်းမိတဲ့ငါးတွေကို စားမိမှာစိတ်ပူကြတယ်။ အဓိကကတော့ ဒေသခံတွေရဲ့စီးပွားရေးရော အသက်အန္တရာယ်ကိုရော ထိခိုက်စေတာ။ ဒီအစီအစဥ်ကိုစဖြစ်တာက ဒါတွေကိုသိစေချင်လို့ပါ။” ဟု ကရင်သုတေသနပညာရှင် စောဖိုးရှီးက ပြောသည်။

ထို့အပြင် ခရီးလိုက်ပါလာသူများ ကွဲဝွားဒမ်ကျေးရွာသို့ ရောက်ရှိစဥ်တွင် “သန့်ရှင်းသောမြစ်များ၊ အစားအစာလုံခြုံရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် လူနေမှုဘဝများ ပြန်လည်ရှင်သန်လာရေး” ခေါင်းစဉ်ဖြင့် လူထုဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြကြောင်းလည်း သိရသည်။

KRW ၏ ထုတ်ပြန်ချက်အရ ကွဲဝွားဒမ်ရွာလူထုသည် ၂၀၂၄ ခုနှစ်က ရေကြီးမှုဆိုးဆိုးရွားရွား ခံစားရပြီး နုံးတင်ကျန်နေသောမြေများမှလည်း အာဆင်းနစ်အဆိပ်များတွေ့ရှိနေရသည်ဟု ဆိုသည်။

ယင်းကြောင့် ထိုမြေနှင့်ထိတွေ့မိသော ဒေသခံများမှာ ဆေးကုသမှုခံယူခဲ့ရသလို အဆိပ်အတောက်မြစ်ရေများက လာအိုနှင့် ဗီယက်နမ်နိုင်ငံများထိ ဆက်လက်စီးဆင်းသွားနိုင်၍ နယ်စပ်ဖြတ်ကျော်မြစ်ရေညမ်းညစ်မှု ပြဿနာဖြစ်ကြောင်း ထောက်ပြထားသည်။

ပညာရှင် စောဖိုးရှီးကဆက်လက်၍ “သတ္တုတူးဖော်မှုတွေကြောင့် ဒီလိုတွေဖြစ်လာတာက အဓိကတရုတ်ပိုင်စီးပွားရေးတွေပေါ့။ ဒီဟာက ဒေသအခက်အခဲတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာအဆင့်ထိပါဖြစ်နေပြီ။ ကျနော်တို့ ဒီလိုထုတ်ဖော်ပြောဆိုမှုတွေကနေတဆင့် တရုတ်အစိုးရကလည်း သိမြင်ပြီးတော့ စီးပွားရေးလမ်းကြောင်းတွေပိတ်ဆို့ပေးဖို့ တောင်းဆိုချင်တယ်” ဟု ကေအိုင်စီကို ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ် မဲခေါင်မြစ်ကြောရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ရွှေတူးဖော်မှုနှင့် မြေရှားသတ္တုတူးဖော် ထုတ်လုပ်မှုလုပ်ငန်းများသည် မြစ်ရေညစ်ညမ်းမှု၏အရင်းခံဖြစ်နိုင်ကြောင်း ပညာရှင်များကထောက်ပြနေကြခြင်းရှိသည်။ 

သို့သော်လည်း မြစ်ရေညစ်ညမ်းမှုကို စုံစမ်းရန် နိုင်ငံတကာ၏ပူးပေါင်းစစ်ဆေးမှုများမှာ ယနေ့အချိန်ထိ တရားဝင်ထွက်ပေါ်လာခြင်းမရှိသေးဟု KRW က ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုသည်။

ဓာတ်ပုံ - Crd (KNU)
August 25, 2026
ကရင်ပြည်၊ မူတြော် (ဖာပွန်) ခရိုင်ထဲက ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး အလုံးရေ ၇၀ ကျော်...
August 24, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးဝါး...
August 24, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နှင့် မဟာမိတ် ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ထား...
ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...