ရခိုင်ဒေသခံ ၄,၀၀၀ နီးပါး တပ်သားသစ်အဖြစ် စုဆောင်းခံရ

ရခိုင်ဒေသခံ ၄,၀၀၀ နီးပါး တပ်သားသစ်အဖြစ် စုဆောင်းခံရ

၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ်စုဆောင်းခဲ့ကြောင်း Unlawful Conscription Watch (UCW) ၏ အချက်အလက်များရ သိရသည်။

တနိုင်ငံလုံးအတိုင်းအတာအရ စစ်မှုထမ်းစုဆောင်းခံရမှုတွင် မန္တလေးတိုင်းတွင် ၉,၄၃၄ ဦးဖြင့် အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၃,၆၄၉ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ ရခိုင်က ၃,၉၉၃ ဦးဖြင့် တတိယအများဆုံး ဖြစ်နေသည်။

စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသည့် ရခိုင်ဒေသခံများအနက် အမျိုးသား ၁,၃၃၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကျား/မ မသိရသူ ၂,၆၆၁ ဦးပါဝင်ကြောင်း UCW ၏ အချက်အလက်များက ဖော်ပြသည်။

စစ်တပ်၏ တပ်သားသစ်စုဆောင်းခံရမှုများသည် ရခိုင်ပြည်တွင်းကနေ ပြည်မဘက်သို့ ထွက်ခွာရာ လမ်းခုလတ်တွင် ဖမ်းဆီးခံရသူ၊ ရန်ကုန်တွင် စစ်ဘေးရှောင်နေသူများနှင့် စက်ရုံအလုပ်ရုံများ၌ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်။

လက်ရှိ ရန်ကုန်တွင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဧည့်စာရင်းစစ်ဆေးမှုများ ရှိနေပြီး အတင်းအဓမ္မဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်နေ၍ လုံခြုံမှုမရှိကြောင်း ရန်ကုန်ရောက် ရခိုင်လူငယ် များက ဆိုသည်။

“ည ၇ နာရီလောက်ဆို ဘယ်မှမထွက်တာ အကောင်းဆုံးပဲ။ မှောင်ရိပ်ခိုတဲ့ နေရာ၊ လူပြတ်တဲ့ နေရာတွေမှာတင် ပေါ်တာဆွဲဖမ်းဆီးတာမျိုး မဟုတ်တော့ဘူး။ မှတ်တိုင်တွေပါ ဝင်ဆွဲတယ်။ အရပ်ဝတ်နဲ့လည်း ဆွဲတာပဲ။ ဧည့်စာရင်းစစ်ဖို့ဆိုပြီးလာရင်လည်း အိမ်မှာ လူငယ်လူလတ်ပိုင်းအရွယ် လူပို မရှိတာ အကောင်းဆုံး၊ မဟုတ်ရင် အကြောင်းတစ်ခုခုပြ ဖမ်းသွားတယ်” ဟု‌ ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။

နေ့ပိုင်းမှာလည်း လူစည်းကားသည် လက်ဖက်ရည်ဆိုင်၊ ဘတ်စကားမှတ်တိုင်နှင့် စက်ရုံအလုပ် အပြန်လမ်း စသည့်နေရာများ၌ စစ်တပ်က အလစ်အငိုက်ဖမ်းဆီး စစ်မှုထမ်းခေါ်ယူမှုများ ရှိနေကြောင်း သိရသည်။

ရခိုင်တွင် AA ၏ မြို့သိမ်းတိုက်ပွဲများနှင့်အတူ ဒေသတွင်း အလုပ်ကိုင်ရှားပါးခြင်း၊ ပညာရေး စသည့် အနာဂတ်တည်ဆောက်ရေးအတွက် လူငယ်အများအပြားမှာ ပြည်တွင်းကနေ ရရာနည်းလမ်းဖြင့် ထွက်ခွာမှုများရှိနေသည်။

ထိုသို့ ထွက်ခွာရာ ပြည်မနှင့် ရခိုင်အစပ်နေရာများရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အုပ်စုလိုက် ဖမ်းဆီးခံရကာ စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံနေရခြင်းဖြစ်သည်။

လူငယ်များအနေဖြင့် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ဒေသကို စွန့်ခွာနေကြသော် လည်း ယခုကာလအခြေအနေအရ တတ်နိုင်သမျှ မသွားကြရန် တိုက်တွန်းမှုများ ရှိနေသည်။

မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “အခက်အခဲတစ်ခုခုရှိလို့ သွားမှ ဖြစ်မယ့် အခြေအနေမျိုး ကြုံလာရင်တော့ သွားကြမှာပဲ။ ဒါပေမဲ့ ဘယ်နေရာမှာတော့ လူငယ်ဘယ်နှစ်ယောက်လောက် ပါသွားပြန်ပြီ။ ဘယ်ဂိတ်မှာတော့ အဖမ်းခံလိုက်ရပြီဆိုတာမျိုးတွေ မကြာခဏကြားရတော့ လူငယ်တွေအနေနဲ့ ဒီအချိန်မှာ ပြည်မဘက်ကို အတတ်နိုင်ဆုံး မသွားတာ အကောင်းဆုံးပါပဲ” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောင့် နယ်မြေဆုံးရှုံးမှု များလာပြီး နောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ နိုင်ငံအနှံ့ စစ်မှုထမ်း အကျုံးဝင်သူများကို ဖမ်းဆီးကာ စစ်တပ်သားစုဆောင်းလျက်ရှိသည်။

UCW ၏ အချက်အလက်အရ ရခိုင်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် တစ်နှစ်အတွင်း စစ်တပ်သား ၃၂,၉၇၄ ဦးအထိ စုဆောင်းခဲ့ပြီး စစ်မှုထမ်းစု ဆောင်းမှုဖြစ်စဉ်ပေါင်း ၁,၉၁၃ ခုအထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းသင်တန်းမှာ အပတ်စဉ် ၂၃ အထိရောက်ရှိနေပြီဖြစ်ကာ အပတ်စဉ်တစ်ခုလျှင် တပ်သားဦးရေ ၅,၀၀၀ ထိခေါ်ယူနေ၍ လူဦးရေ ၁၂၀,၀၀၀ အထိ စစ်ထမ်မှုထမ်း စုဆောင်းခံထားရပြီလည်းဖြစ်သည်။

မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...
မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...
June 8, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ လေ့ကျင့်နေစဉ်...