ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ သဖန်ရောင်နှင့် ပြောင်းရွာတို့တွင် အာဏာသိမ်းစစ်တပ် အထိုင်ချတပ်စွဲနေပြီး ရခိုင်ရိုးမတောင်ကြောသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းက ရခိုင်ရိုးမတောင်ခြေ မင်းတုန်းမြို့နယ် င/ကုန်းကျေးရွာ စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းမှ တပ်ဆုတ်လာသည့် စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စကာ လက်ရှိ သဖန်ရောင်နှင့် ပြောင်းရွာတို့တွင် တပ်စွဲနေခြင်းဖြစ်သည်။
ထို့အတူ တပ်ပြန်ဆုတ်ပြေးခဲ့ရသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းသည် ရခိုင်ရိုးမတောင်ခြေရှိ ဝက်ကော်နှင့် ထန်းလွှဲပင်ကျေးရွာက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ တပ်ဆုပ်တယ်လို့တော့ ကြားတယ်။ လုံးဝဆုတ်သွားတာတော့ မဟုတ်သေးဘူး။ အခုက သဖန်ရောင်မှာ အထိုင်ချထားတယ်။ သူတို့(စစ်အုပ်စု) က ဝက်ကော်ရွာ၊ ထန်းလွဲပင်ရွာတွေကို မီးရှို့ခဲ့တယ်။ သဖန်ရောင်မှာလည်း သက်ကြီးရွယ်အိုတချို့နဲ့ မိန်းမတချို့ကျန်တယ်။ အများအားဖြင့် ထွက်ပြေးသွားပြီ။ ထန်းလွှဲပင်တို့၊ ဝက်ကော်တို့မှာဆိုရင် လူမရှိတော့ဘူး။ နောက်ပြီး ပြောင်းမှာလည်း လူ မရှိတော့ဘူး။ အခုက သူတို့ဟာ (စစ်တပ်) ပြောင်းမှာလည်း အထိုင်ချထားကြတယ် ” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် မေလ ၂၇ ရက်မှစကာ သဖန်ရောင်မှ တစ်ဆင့် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး မေလ ၂၉ ရက်တွင် ကန်ဂျိုင်းဘက်သို့ ထိုးတက်သွားကြောင်း သိရသည်။
ထို့နောက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အကြား မေလ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်သည် ထိခိုက်ကျဆုံးမှုများစွာဖြင့် တပ်ဆုပ်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် သဖန်ရောင်ဘက်မှတစ်ဆင့် ရခိုင်ရိုးမနှင့် ကြားခံကျေးရွာဖြစ်သော ငကုန်းရွာသို့ တက်ရန် ကြိုးပမ်းခဲ့ပြီး ငကုန်းရွာမှတစ်ဆင့် ရခိုင်ရိုးမတောင်ကျော်လမ်းအတိုင်း ရခိုင်ပြည်နယ်ဘက်ရှိ မအီမြို့နှင့် ခြေတော်ရာဘက်သို့ ထိုးဖောက်ရန်အတွက် ဗျူဟာမြောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
“ ငကုန်းဆိုတာက ရခိုင်ရိုးနဲ့ ကြားမှာ ရှိတဲ့ရွာ။ သူတို့က ငကုန်းကိုတက်ပြီး ရခိုင်ကို ကျော်တဲ့လမ်းကို အဲဘက်က(စစ်တပ်) မအီ၊ ခြေတော်ရာဘက်ကို ဆင်းဖို့အတွက် စစ်ကြောင်းထိုးခဲ့တာ။ ဒါပေမဲ့ အထိအခိုက် အများကြီးနဲ့ တပ်ပြန်ဆုတ်ခွာခဲ့တာ ” ဟု မြေပြင်သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ မင်းတုန်းဘက်မှ စစ်အုပ်စု၏ စစ်ကြောင်းထိုးဝင်ရောက်မှုသည် ရခိုင်သို့ ထိုးဖောက်ဝင်ရောက် နိုင်မည့် လမ်းကြောင်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်နေကြသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “ အခုက မင်းတုန်း၊ ကန်မနယ်ကို အင်အားတစ်ထောင်လောက်နဲ့ ရောက်လာ တယ်။ အဓိကတော့ ရခိုင် ဝင်ပေါက်ကိုလာပြီးတော့ ဖောက်ကြည့်တဲ့ အနေထားမျိုးပဲ။ ပြီးရင် ညောင်ကျိုး၊ နတ်ရေကန်၊ ပြီးရင် မြစ်ဝကျွန်းပေါ် ဒေသပေါ့နော်။ ငွေသောင်ယံဘက်ကနေ နည်းမျိုးစုံနဲ့ ရခိုင်ကို ခြေကုတ်ယူနိုင်ဖို့ လမ်းဖွင့်ပေမဲ့ အဆင်မပြေဘူး။ နောက်ဆုံး ညောင်ကျိုးနဲ့ နတ်ရေကန်ကြား မင်းတုန်းနယ်ထဲကနေမှ မအီဘက်ကို ထိုးစစ်ဆင်လိုတဲ့ အနေထားမျိုးပဲ ” ဟု ဆိုသည်။
အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုသည် ရခိုင်ကို တိုက်စစ်ဆင်ရန် စစ်ကြောင်းထိုးဝင်ရောက်မှုထက် မအီ-မင်းတုန်းကုန်သွယ်ရေးလမ်းပိုင်းကို ပိတ်ဆို့သည့် အနေအထားလောက်သာဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ စစ်ကြောင်းတွေဟာ ဇာလီတောင်ဘက် ရောက်သွားတဲ့ အနေထားမျိုးကို တွေ့ရတယ်။ ဒါကြောင့် ငကုန်း၊ ရင်းကောက်တို့ နေရာမှာ AA နဲ့ ပူးပေါင်းတပ်တွေက ချေမှုန်းလိုက်တဲ့ အနေထားမျိုးပဲ။ ဒါပေမဲ့ စစ်ကြောင်းရဲ့ အဓိကရည်ရွယ်ချက်က ဒီကာလမှာ အဲဒီဘက် ကုန်သွယ်ရေးလမ်းကြောင်းတော့ ရှိတယ်။ တစ်ကြောင်းထိုး လမ်းကြောင်း ရှိတယ်။ ဒါပေမဲ့ အဲဒါကို စစ်ဆင်ရေးလမ်းအဖြစ် အသုံးမပြုနိုင်ဘူး။ အဓိကတော့ ရခိုင်နဲ့ မင်းဘူး ၊မကွေး၊ ပုသိမ်၊ မုံရွာလမ်းမကြီး ကုန်စည်အဝင်အထွက်တွေကို ပိတ်ဆို့ ပြတ်တောက်တဲ့ အနေထားမျိုးလောက်ပဲ လုပ်လို့ရမယ် ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၁၁ ရက်မှစကာ မင်းတုန်းမြို့နယ်၊ သဖန်ရောင်နှင့် ပြောင်းရွာအနီးတွင် ယာယီစခန်းချ တပ်စွဲလျက်ရှိပြီး အဆိုပါကျေးရွာများမှ သက်ကြီးပိုင်းများကို စုရုံးကာညှိနှိုင်းဆက်ဆံရေး ကော်မတီတစ်ခုဖွဲ့ထားကြောင်း သိရသည်။
လက်ရှိ ရခိုင်ရိုးမတောင်တန်းတွင် အာရက္ခတပ်တော်၊ ကျောင်းသားလက်ရုံးတော်တပ်ဖွဲ့(SAF) နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် နယ်မြေစိုးမိုးမှုရယူထားကာ ရခိုင်သို့ ဝင်ရောက်ရန်ကြိုးပမ်းနေသည့် စစ်အုပ်စုကို ခုခံတိုက်ခိုက်နေသည်။







