စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် မရှိပေမယ့် စည်းကမ်းချက်နဲ့အညီ လူစုလူဝေးနဲ့ စည်းရုံးလို့ရတယ်လို့ ကော်မရှင်နဲ့ ပါတီတချို့ကနေ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုတယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာထားတာပါ။
မဲဆွယ်ကာလအတွင်း ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မွန်တိုးတက်ရေးပါတီခေါင်းဆောင်တစ်ဦးက လူစုလူဝေးနဲ့ ကွင်းပြင်တစ်နေရာရာမှာ စုရုံး ဟော ပြောတာကို ခွင့်ပြုပြီး စီတန်းလှည့်လည်တာကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ လူစုလူဝေးလုပ်မယ်ဆိုရင် ရတယ်လေ။ ကွင်းပြင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့၊ အဲဒီမှာ လူစုမယ် စုပြီးတော့ ကိုယ့်ဟာကို ပြန်သွားကြမှာပေါ့၊ အဲဒီလိုမျိုးဆို ရတယ်။ စီတန်းလှည့်လည်တာကျတော့ အလံတွေ ခေါင်းပတ်တွေ ဘာတွေနဲ့ ဝတ်စုံပြည့်တော့ မရဘူးပေါ့။ အဲဒါတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ပေါ့။ခါတိုင်းလိုတော့ အဲဒီဟာတစ်ခုပဲ (စီတန်းလှည့်လည်တာ) ထူးခြားတာပါ။ ကျန်တဲ့ဟာ ရတာပေါ့”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတချို့က သာသနာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေအတွင်း လူစုလူဝေးနဲ့ စည်းရုံးခွင့်ရဖို့ ကော်မရှင်ကို တင်ပြခဲ့ပေမယ့် အတိအကျတော့ အဖြေမရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲဥပဒေပါ ပုဒ်မ ၃၀-က အရ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ ခွင့်ပြုချက်နဲ့ သတ် မှတ်တဲ့ နေရာနဲ့အချိန်မှာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းအပြင် မီဒီယာတွေကတဆင့် ကော်မရှင်ခွင့်ပြုချက်နဲ့ စည်းရုံးနိုင်တယ်လို့ ပြဌာန်းထားတာပါ။
ဒါ့အပြင် သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်း အမိန့်ညွန်ကြားချက် လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ရေးသားပုံနှိပ်ထုတ်ဝေ စည်းရုံးခြင်းကို ခွင့်ပြုပေမယ့် စီတန်းလှည့်လည်ခွင့်ကိုတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။
ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ စုဝေးဟော ပြောမယ့်အစီအစဉ် အကြောင်းအရာနဲ့ ဟောပြောမယ့်ပုဂ္ဂိုလ်ရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှာ လျှောက်ထားရမှာပါ။
မွန်ညီညွတ်ရေးပါတီကတော့ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်း ပါတီအစည်းအဝေးပြီးမှသာ ပြောလို့ရနိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
နည်းဥပဒေမှာတော့ လျှောက်ထားချက်ကို ခွင့်ပြုပေးတဲ့အခါ အစိုးရရုံးတွေ စက်ရုံအလုပ်ရုံနဲ့ အလုပ်ဌာနတွေ သာသနာရေးနဲ့ ဆိုင်တဲ့ နေရာတွေ စာသင်ကျောင်းတွေနဲ့ ပြည်သူ့ဆေးရုံတွေ စတဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို အနှောင့်အယှက် မဖြစ်စေဖို့ ဆောင်ရွက်ပေးရမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းနဲ့ပတ်သက်ပြီး အဆောက်အအုံတွေ ခန်းမတွေနဲ့ ကွင်းတစ်ခုခုတို့မှာ စုဝေးဟောပြောခြင်းပြုလုပ်ရာမှာ ဝင်ဆံ့တဲ့ အရေအတွက်ထက် မကျော်လွန်စေရဘူးလို့ ဆိုပါတယ်။
မဲဆွယ်စည်းရုံးရေးအတွက် စုဝေးဟောပြောပွဲ လာရောက်တဲ့အခါမှာ ဖြစ်စေ ဟောပြောပွဲပြီးဆုံးလို့ ပြန်လည်ထွက်ခွာတဲ့အခါမှာ ဖြစ်စေ လူစုလူဝေးနဲ့ ကြွေးကြော်ချီတက်ခြင်း မပြုလုပ်ရဘူးလို့ နည်း ဥပဒေမှာ စည်းကမ်းချက် သတ်မှတ်ထားတာပါ။
မွန်တိုးတက်ရေးပါတီခေါင်းဆောင်ကတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ ခွင့်ပြုချက်နဲ့ ကွင်းထဲမှာ စုဝေးဟောပြောတဲ့အချိန်ကျမှသာ ပါတီနဲ့ သက်ဆိုင်တဲ့ အလံထောင်ခွင့် ဝတ်စုံတွေ ဝတ်ခွင့်ရှိတယ်လို့ ပြောပါတယ်။
“အဲဒီမှာတော့ ခါတိုင်းလိုပဲပေါ့ ခန့်မှန်းအချိန် ခန့်မှန်းလူဦးရေ ပြီးလို့ရှိရင် ဘယ်ကွင်း အဲဒါဆိုရင် သူတို့ လုံခြုံရေးယူပေးမယ်။ လာတဲ့အချိန်ကျရင်တော့လည်း ကိုယ့်ဟာကိုယ် အရပ်ဝတ်တွေနဲ့လာ ပြီးလို့ရှိရင် အဲဒီမှာ ကိုယ်ဝတ်ချင်ရာဝတ် အလံတွေ ဘာတွေထောင်ပြီးတော့ ဟောချင်တာဟော (သတ်မှတ်ချက်နဲ့အညီ) ပြီးလို့ရှိရင်တော့လည်း ပြန်လည်ထွက်ခွာတဲ့အခါကျ အဲဒါတွေ အကုန်သိမ်းသွားရမယ်။လမ်းမှာ အလံတွေ ဘာတွေ ထောင်လို့ မရဘူးပေါ့၊ အဲဒီသဘောမျိုးပါ”လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြောတဲ့အခါ တို့တာဝန်အရေး(၃)ပါးနဲ့ တပ်မတော်ပြိုကွဲရေးကို ထိခိုက်စေတဲ့ ဟောပြောမှုနဲ့ နိုင်ငံတော်ကို အကြည် ညိုပျက်စေအောင် ဟောပြောမှုတွေကို တားမြစ်ထားတာပါ။
ဒါ့အပြင် လူမျိုးရေး ဘာသာရေး ဒါမှမဟုတ် လူအများနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ ဟောပြောမှုနဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် သွေးထိုးလှုံ့ဆော် ဟောပြာမှု စတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု မပြုလုပ်ရဘူးလို့ အသိပေးထားပါတယ်။







