စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် ငတ်မွတ်မှုဒဏ်ကို ခံနေရသည့် ရခိုင်ဒေသခံများ

စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် ငတ်မွတ်မှုဒဏ်ကို ခံနေရသည့် ရခိုင်ဒေသခံများ

၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့သော ရခိုင်ပြည်တိုက်ပွဲများမှာ ၂ နှစ် ပြည့်တော့မည်ဖြစ်ပြီး တိုက်ပွဲနောက် ဆက်တွဲများကြောင့် ရခိုင်ပြည်သူများမှာ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာမှ စပြီး စစ်ရေးပဋိပက္ခများကို အကြောင်းပြ၍ ပြည်မဘက်မှ ကုန်စည်စီးဆင်းမှု လမ်းကြောင်းအားလုံးကို တင်းကျပ်စွာ ပိတ်ဆို့ခဲ့ခြင်းကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်ရှင်သန်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

“စားသောက်ရေး အဆင်မပြေဘူး။ အဝတ်အစားလည်း မရှိဘူး။ အလုပ်သွားရှာရင်လည်း အလုပ် မရှိဘူး။ မျက်နှာညှိုးငယ်ငယ်နဲ့ ပြန်လာရတယ်။ စိတ်ဓာတ်တွေ ကျတယ်။ စားရေး၊ သောက်ရေးက အဆင်မပြေတော့ ကိုယ်ဝတ်ချင်တာ မဝတ်နိုင်၊ စားချင်တာ မစားနိုင်။ ဘဝတွေက အဲဒီလို ဖြစ်နေတယ်" ဟု ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် ဒေါ်ရီမာဝင်းက ပြောသည်။

ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ဝင်ငွေ၊ ထွက်ငွေ မမျှတမှုများကြောင့် ရခိုင်ဒေသခံများမှာ ငတ်မွတ်မှုနှင့် ပြင်းထန်သော စိတ်ဖိစီးမှုများကို ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

လက်ရှိတွင် စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် ရခိုင်ကုန်သည်များမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ပြည်မဘက်မှ ခက်ခက်ခဲခဲ သယ်ယူပို့ဆောင်နေကြရသည်။

ယင်းလမ်းကြောင်းများသည် ခရီးကြမ်းတမ်းခြင်း၊ ဝေးကွာခြင်းနှင့် အချိန်ကြာမြင့်ခြင်းများကြောင့် ကုန်ဈေးနှုန်းများကို အဆမတန် မြင့်တက်စေကြောင်း ကုန်သည်များက ပြောကြသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲ မစတင်မီ (၂၀၂၃ နိုဝင်ဘာလ) က ရခိုင်တွင် ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၃၀,၀၀၀၊ စားဆီ တစ်လီတာကို ငွေကျပ် ၄,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၂,၀၀၀၊ ငရုတ်သီးခြောက် တစ်ပိဿာ ကို ငွေကျပ် ၉,၀၀၀ ခန့်သာရှိကြောင်း DMG မှတ်တမ်းအရ သိရသည်။

ထို့ကြောင့် အခြေခံအားဖြင့် တစ်နေ့တာ ဈေးဝယ်စရိတ် အသားငါးနှင့် အသီးအရွက်တို့ကို ငွေကျပ် ၇,၀၀၀ ဝန်းကျင်ဖြင့် မိသားစု ၄ ယောက်စာအတွက် တစ်ရက်စာဖူလုံစားသုံးနိုင်ခဲ့ကြောင်း အိမ်ရှင်မများက ပြောကြသည်။

လက်ရှိတွင် ဆန်းကြမ်းတစ်အိတ်ကို ငွေကျပ် ၇၀,၀၀၀ ကျော်၊ စားဆီတစ်လီတာကို ၁၄,၀၀၀ ကျော်၊ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၁၀,၀၀၀ ၊ ငရုတ်သီးခြောက်တစ်ပိဿာကို ၂၅၀,၀၀၀ ကျော်အပြင် အသား၊ ငါးဈေးနှုန်းများမှာလည်း အရင်ကထက် ငါးဆခန့် မြင့်တက်နေသည်။

မြောက်ဦးမြို့နယ်မှ ဒေါ်ရွေသိန်းလှက " မိသားစုအရေး အစအဆုံး ဖြေရှင်းနိုင်ဖို့ အစွမ်းဆိုတာ လုံးဝ မရှိဘူး။ ကိုယ့်ကျန်းမာရေးကိုတောင် ကိုယ်မနိုင် တာ။ မိသားစုအတိုင်းအတာနဲ့ ဖြေရှင်းနိုင်ဖို့ အရည်အချင်း လုံးဝ မရှိတော့ဘူး။ တခါတလေကျရင် ကိုယ့်ဘဝကို ကိုယ် အဆုံးစီရင်ပစ်ချင်တယ်။ နေချင်စိတ် မရှိတော့ဘူး " ဟု ပြောသည်။

ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် စားနပ်ရိက္ခာမဖူလုံမှုတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အာဟာရချို့တဲ့ခြင်း၊ အကြွေးတင်ခြင်း၊ တောင်းရမ်းစားသောက်ရခြင်း၊ ကျောင်းထွက်ရခြင်း စသည်တို့အပြင် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများလည်း ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်၌ မိသားစု ၅ ဦးမှာ ငတ်မွတ်မှုဒဏ်ကို မခံနိုင်တော့၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြပြီး မေလအတွင်းကလည်း စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ မွတ်ဆလင်မိသားစု ၅ ဦး အစာငတ်မွတ်မှုကြောင့် အဆိပ်သောက် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည် အလယ်ပိုင်း၌ စားနပ်ရိက္ခာမဖူလုံသော မိသားစု ၅၇ ရာခိုင်နှုန်း ရှိနေပြီး၊ ပိတ်ဆို့ခံထားရမှုများကြောင့် ရခိုင် မြောက်ပိုင်းဒေသတွင်လည်း အခြေအနေများ ဆိုးရွားနေကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့အစည်းများက ရခိုင်ဒေသတွင် မကြုံစဖူး ကပ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း မကြာခဏ ထုတ်ပြန်နေသော်လည်း မြေပြင်တွင်မူ လိုအပ်ချက်နှင့် ကိုက်ညီသော အကူအညီပေးမှုများမှာ အလွန်နည်းပါး နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ဒေသခံ လူငယ်တစ်ဦးက " ကုလသမဂ္ဂက အမြဲတမ်း စိုးရိမ်တဲ့ အကြောင်းတွေ ထုတ်ပြန်တယ်။ တခါးပိတ် အစည်းအဝေးတွေ လုပ်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်ဒေသမှာတော့ အထွေထွေ အကျပ်အတည်း ကာလတွေ အကြာကြီး ဖြတ်သန်းနေရတယ် " ဟု ပြောဆိုသည်။

ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီ၏ စားနပ်ရိက္ခာ ဖြတ်တောက်မှုများကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ရှုမြင်ပြီး လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ရေး အစီအစဉ်များ လုပ်ဆောင်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း ထောက်ပြကြသည်။

ကမ္ဘာတဝှမ်း စားနပ်ရိက္ခာဖူလုံရေးအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် ၁၉၈၁ ခုနှစ်က စ၍ အောက်တိုဘာ ၁၆ ရက်ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အခမ်းအနားများ ပြုလုပ်လျက်ရှိကြသော်လည်း ရခိုင်ဒေသတွင် အသက်ရှင်ရပ်တည်ရေးအတွက် စားနပ်ရိက္ခာ ဖူလုံရေးမှာ လုံးဝနီးပါး ကင်းမဲ့နေခြင်းလည်းဖြစ်သည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...