ညမထွက်ရ အမိန့်ထုတ်ထားတဲ့ မြစ်ကြီးနားမြို့မှာ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်စည်ကားနေ

ညမထွက်ရ အမိန့်ထုတ်ထားတဲ့ မြစ်ကြီးနားမြို့မှာ ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်စည်ကားနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့်လည်း ဘုရားပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေများစွာ ဖွင့်လှစ်နေတယ်လို့ မြစ်ကြီးနားနေ ပြည်သူတွေက ပြောပါတယ်။

သတင်းကျွတ်ပွဲမတိုင်ခင်ကတည်းကနေ မြစ်ကြီးနားမြို့တွင်းရပ်ကွက် တစ်ခုပြီးတစ်ပြီး ရွှေ့ပြောင်းပြီး လုပ်ဆောင်နေတဲ့ ဘုရားပွဲဟာ၊ ခေမာသီရိရပ်ကွက်၊ ဘုရားတစ်ထောင်၊ ရမ်ပူရပ်ကွက်တွေမှာ ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိချိန်မှာတော့ လယ်ကုန်းရပ်ကွက်နဲ့ အေးမြသာယာဘောလုံးကွင်းမှာ ကျင်းပနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ယခင်နှစ် ဘုရားပွဲတွေမှာလောင်းကစားဝိုင်းနှစ်ခု သုံးခုလောက်သာတွေ့ရပြီး မုန့်ဈေးတန်းတွေကို အများဆုံးတွေ့ရပေမယ့်လည်း ဒီနှစ်ရဲ့ ဘုရားပွဲတွေမှာတော့ အနည်းဆုံး လောင်းကစားဝိုင်း အခု၂၀နဲ့အထက်တွေ့ရတယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“ပွဲဆိုတာထက် ဟိုတုန်းကလို ပျော်စရာရွှင်စရာသိပ်မရှိတော့ပါဘူး။ လောင်းကစားသမားသီးသန့်ဘဲ အဲလိုဘဲ ဖြစ်သွားပြီ။ လောင်းကစားလုပ်တဲ့သူက ကြိုက်တာပေါ့ကွာ လောင်းကစားမလုပ်တဲ့သူက နားညီးတာပေါ့။ လောင်းကစားကြိုက်တဲ့သူက ပိုကြိက်ပေါ့ တရားဝင်ဖြစ်သွားတာကို”လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေထဲမှာ ပိုမိုတွေ့ရတာကတော့ ခြောက်ကောင်ဂျင်နဲ့ ရှမ်းကိုးမီး ကစားနည်းတွေဖြစ်ပြီး အနည်းဆုံး ကျပ်တစ်ထောင်ကနေ ၃သိန်းထိ ထိုးကြေးပေးပြီး ကစားနေကြတယ်လို့ သိရပါတယ်။

ပွဲစဉ်တွေအနေနဲ့ကတော့ ညနေ ၆နာရီလောက်နေ ၁၀နာရီထိ ဈေးရောင်းပွဲတော်ပြုလုပ်ပြီး ၁၀ နာရီ နောက်ပိုင်းမှာတော့ လောင်းကစားဝိုင်း၊ လက်ဝှေ့ပွဲနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို မနက် ၃နာရီအထိ ကျင်းပပြီး အော်ဟစ်သံတွေနဲ့ ဆူညံပွတ်လောရိုက်နေတယ်လို့ ဆိုပါတယ်။

“မနက် ၂နာရီ၃နာရီထိ ဆူညံနေတယ်။ ဒီအနီးနားတစ်ဝိုက်ကလူတွေက ဘယ်လိုမှ အိပ်လို့မရဘူး။ သူတို့ပွဲပြီးလို့ မနက်ပိုင်းဆိုရင် ဆိုင်ကယ်တွေ၊ ကားတွေနဲ့ပြန်လာပြီလေ။ ဆိုတော့ လမ်းပေါ်အော်၊ ဆူညံ ပစ်စလတ်ခတ် ပြန်သွားကြတာပေါ့” လို့ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဘုရားပွဲတွေ ကျင်းပမယ်ဆိုရင် ကျင်းပမဲ့နေရာက တာဝန်ရှိသူတွေကို ကန်ထရိုက်သမားတွေက ငွေကြေး တစ်စုံတစ်ရာနဲ့ ညှိယူပြီး သူတို့ကတစ်ဆင့် သက်ဆိုင်ရာက ခွင့်ပြုမိန့်ကျလာပါက ပွဲအတွင်း လောင်းကစားဝိုင်း ထောင်တဲ့သူတွေကို တစ်ည ၂ သိန်းဝန်ကျင်နဲ့ ပြန်လည် ငှားရမ်းပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုရားပွဲတွေမှာ အရင်လို အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ ကလေးစတဲ့ အသက်အရွယ်အလွှာပေါင်းစုံကို သိပ်မတွေ့ရတော့ဘဲ လောင်းကစားဆော့တဲ့ အမျိုးသားတွေကိုသာ ပိုမိုတွေ့မြင်လာရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဘုရားပွဲတွေမှာ လောင်းကစားဝိုင်းတွေ များလာတာနဲ့အတူ လောင်းကစားသမားတွေ များလာတဲ့အတွက် ပြည်သူတွေက ခိုးဆိုးလုယှက်မှုတွေ ပိုများလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ လတွေက ပြည်သူတွေ ဖမ်းမိခဲ့တဲ့ လက်နက်ကိုင် ခိုးဆိုးလုယက်သူတွေဟာ လောင်းကစားသမားတွေ ဖြစ်နေလို့ဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ မြစ်ကြီးနားမြို့ကို လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီကတော့ ခိုးဆိုးလုယက်သူတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိပေမယ့်လည်း ဘုရားပွဲတွေကိုတော့ မီးသတ်အဖွဲ့တွေကနေပြီးတော့ လုံခြုံရေးတွေ ယူထားပေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်နေ့ကတည်းကနေ ၁၀နာရီနောက်ပိုင်း ညမထွက်ရအမိန့်တွေကြောင့် သာမန်ပြည်သူတွေအနေနဲ့ အပြင်ထွက်တာ လျော့နည်း သွားပေမယ့်လည်း ခုလို ညအချိန်မတော် ဆူညံနေတာတွေကိုတော့ သေချာ ထိန်းသိမ်း အရေးယူခြင်း မရှိနေဘူး ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမြစ်ကြီးနားပြည်သူတွေရဲ့ဘဝဟာ ခိုးဆိုးလုယက်သူ သူခိုးဓားပြတွေကိုလည်း ကြောက်နေရသလို စစ်တပ်ရဲ့ ဖမ်းဆီးခံရမှာစိုးရိမ်သလို ကေအိုင်အေဘက်က ပေါ်တာဆွဲမှာတွေကို စိုးရိမ်နေကြရတဲ့အတွက် လမ်းသွားလမ်းလာဖို့ပင် ပိုမိုခက်လဲလာတယ်လို့ ဆိုကြပါတယ်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...