စစ်ကောင်စီ လုပ်ရပ်အား ထောက်ခံရန် ကျောက်ဖြူက ဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေးနေ

စစ်ကောင်စီ လုပ်ရပ်အား ထောက်ခံရန် ကျောက်ဖြူက ဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေးနေ

စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့တစ်ခုဖြစ်သော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ၎င်းတို့၏ လုပ်ရပ်များအပေါ် ထောက်ခံပြီး အချိန်မရွေး ပူးပေါင်းပါဝင်ကြရန် ဖိအားပေးထားကြောင်း သိရသည်။

ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို ဝေဖန်မှုမလုပ်ရန်၊ မြို့ပြင်ပနှင့် အဆက်အသွယ် မလုပ်ရန်၊ စစ်တပ်ခေါ်လျင် အချိန်မရွေးလာရောက်ရန် စသည့် အမိန့်များကို ဌာနဆိုင်ရာ အကြီးအကဲများကတစ်ဆင့် ဖိအားပေး ညွှန်ကြားထားခြင်းဖြစ်သည်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူ ကျောက်ဖြူဒေသခံတစ်ဦးက “စစ်တပ်ကို ထောက်ခံကြဖို့၊ စစ်တပ်က အလိုရှိလို့ခေါ်ရင် မငြင်းကြဖို့ ထွေ/အုပ်က တစ်ဆင့် အခြား ဌာနတွေကို ညွှန်ကြားစာထုတ်ထားတာတော့ ကြာပြီ။ ဒီလ (စက်တင်ဘာ) မှာကျ အဲဒီ ညွှန်ကြားချက်ကို လုံးဝ မဖြစ်မနေ လိုက်နာကြဖို့ ထပ်ပြီး ဖိအားပေးလာတာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် မလိုက်နာသူများကို လစာဖြတ်တောက်ခြင်း၊ ဝန်ထမ်းရေးရာ ဥပဒေဖြင့် အရေးယူသွားမည့်အပြင် ရာဇဝတ်မှုများဖြင့်လည်း အမှုဖွင့်ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ၎င်းက ဆက်၍ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်ကလည်း ကျောက်ဖြူမြို့ အနီးဖြစ်ပွားနေသော ရှေ့တန်းစစ်မျက်နှာကနေ နောက်တန်းပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြိုဆိုရန် ဌာနဆိုင်ရာ ဝန်ထမ်းများကို မလာမနေရစနစ်ဖြင့် အကျပ်ကိုင်ခေါ်ယူခဲ့ကြောင်း သိရသည်။

“အဲဒီ စစ်သားတွေကို ကြိုဆိုပွဲလုပ်ဖို့ ထွေ/အုပ်က ပြောလာတယ်။ ငြင်းလို့ မရဘူး။ စစ်တပ်တိုက်ရိုက် အမိန့်လို့ ပြောတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဌာနအလုပ်ကို ကိုယ်လုပ်ပြီးမှ အေးအေးဆေးဆေး နေချင်ပေမယ့် သူတို့အမိန့်ကို မလွန်ဆန်နိုင်ဘူး” ဟု ကျောက်ဖြူမြို့ ဌာနတစ်ခုမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကျဆုံး၊ ထိခိုက်ဒဏ် ရာရသူများများပြားနေသဖြင့် စစ်သင်္ဘောဖြင့်ပို့ကာ စစ်တွေမြို့တွင် ဆေးကုသနေရကြောင်း ဒေသခံများက ပြောသည်။

သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အောင်ပွဲရ၍ နောက်တန်းပြန်လာသည့်ပုံ ပြည်သူများကို ထင်မြင်စေရန် ဝါဒဖြန့်ခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကို ပန်းကုံးစွပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။ 

“မြို့ပေါ်မှာက လက်လုပ်လက်စားနဲ့ ဝန်ထမ်းတွေပဲ ကျန်တော့တယ်။ အဲဒီဝန်ထမ်းတွေကို သူတို့ (စစ်ကောင်စီ)ရဲ့ အင်အားစုအဖြစ် အသုံးချနေတာဖြစ်တယ်။ ဝန်ထမ်းတွေ အဖို့ကသူတို့ ခိုင်းသမျှလုပ်၊ သူတို့ပြောသမျှ နားတောင် အဲဒီလို အကျပ်ကိုင်ခံနေရတာ ” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၄ အစောပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး တင်းကျပ်မှု၊ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှု စသည့် မလုံခြုံမှု များကြောင့်လည်း ကျောက်ဖြူမြို့ခံ အမြောက်အများမှာ AA ထိန်းချုပ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့သော ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၂ ဦးထက်မနည်းနှင့် အခြားအဆင့် ရာချီကျဆုံးထားပြီး ဗိုလ်မှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် အမြောက်အများကိုလည်း အာရက္ခတပ်တော်က လက်ရဖမ်းဆီးထားကြောင်း သိရသည်။ 

လက်ရှိ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ကျောက်ဖြူမြို့ အမှတ် (၃၂) ရဲတပ်ရင်းအနီးက မင်းတပ်တောင်ကျေးရွာနှင့် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကြတ္တိန်၊ ပျားတဲ စသည့် ကျေးရွာ အနီးတဝိုက်တို့တွင် တိုက်ပွဲများရှိနေသည်။

Most read this week

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
January 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ...
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...
January 20, 2026
အမ်း-ပဒါန်းကားပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကောင်စီနှင့်...
January 19, 2026
ယခု ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည် စစ်တွေ- ကျောက်ဖြူ- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ၂၀၂၅...