ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည် ထွက်ခွာသွားပြီးနောက် တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မြေဩဇာအိတ်ထဲမှာ ထည့်ထားတာ ခေါင်းပြတ်တွေ မသွန်ကြည့်ရဲဘူး၊ နောက်ခေါင်းတစ်ခု မြေကြီးပေါ် ကျနေတာ အရိုးပဲ ကျန်တယ်။ မြေဩဇာအိတ်ထဲမှာ ထည့်တားတာ တစ်အိတ်ကို ခေါင်းပြတ် နှစ်ခု သုံးခု ရှိတယ်၊ စစ်သားတွေ ထွက်သွားတော့မှ အဲ့တာတွေကို မီးသွားရှို့ပစ်တာ။ ရွာခံတွေ သတ်ခံရတာတော့ မဟုတ်ဘူး”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း တွေ့ရှိခဲ့သည့် ခေါင်းဖြတ်ခံထားရသော အလောင်းများမှာ ဒေသခံများ မဟုတ်ဘဲ စစ်ကော်မရှင်တပ်က တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည့် စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ဒုတိယပတ်ထဲ ဂုတ်တွင်းလမ်းပိုင်းမှတဆင့် တပ်အချိန်းအပြောင်း ပြုလုပ်စဉ် ထိုသူများကို ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

အလားတူ နောင်ပိန်တိုက်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများထဲတွင် စစ်ကော်မရှင်တပ်မှ စစ်သားအလောင်းများကို စုပြုံမြှုပ်နှံထားခဲ့ခြင်းများလည်း ရှိပြီး ရွာသားများ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်စဉ် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့သည် ကျောက်မဲမြို့နှင့် (၇) မိုင်ခန့် ကွာဝေးသည့် စခန်းသာကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကော်မရှင်တပ်ဘက်မှ ကျောက်မဲမြို့နယ်ထဲ လေကြောင်းပစ်ကူဖြင့် ဖိအားပေး တိုက်ခိုက်နေသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် နောင်ပိန်နှင့် အနီးပတ်ဝန်းကျင် ရွာများကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားပြီးနောက် တစ်လနီးပါး ကြာသည်အထိ ပြန်လည်ဝင်ရောက်ခွင့် မပြုသေးဘဲ စစ်ရှောင်စခန်း ၄၀ ကျော်တွင် ပြည်သူပေါင်း (၉၀၀၀) ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...