ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့မြောက်ဘက်တွင် ယခုရက်ပိုင်းအတွင်း မွတ်ဆလင်လက်နက်ကိုင်တပ် ARSA နှင့် အာရက္ခတပ်တော် (AA) တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

AA ၏ နယ်စပ်လုံခြုံရေး စခန်းတစ်ခုကို ARSA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

နယ်စပ်ဒေသ သတင်းရင်းမြစ်တစ်ဦးက "နယ်စပ်လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်စခန်းတစ်ခုကို ARSA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြတာ။ အာရက္ခတပ်တော်ဖက်ကလည်း အင်အားတွေ ဖြည့်တင်းပြီး နယ်စပ်လုံခြုံရေးအတွက် နယ်မြေရှင်းလင်းနေတယ်။ နှစ်ဖက်တိုက်ပွဲတော့ ပြင်းထန်နေဆဲ ရှိသေးတယ်။ အသေးစိတ်ပြောဖို့က ခက်သေးတယ်" ဟု ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများမှာ တောင်ပြိုလက်ဝဲမြို့နှင့် မြောက်ဘက်အင်းချောင်းကျေးရွာ၊ ကျောက်လုံးစသည့်နေရာနှင့် အနီးနားတောင်ကြောတွင် ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်တည်းကနေ ယနေ့အထိ တိုက်ပွဲများ ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ARSA အဖွဲ့က အင်အားအလုံးအရင်းနှင့် တိုက်ခိုက်လာခြင်းပြီး အာရက္ခတပ်တော် ဖက်ကလည်း အင်အားအလုံး အရင်းဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

"ကျောက်လုံး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ဖက်ခြမ်းမှာ အကြီးအကျယ်ဖြစ်နေတာ။ ဒီနေရာတွေက ဘင်္ဂလာကနေ မှောင်ခိုပေါက်တွေ ရှိတယ်။ ARSA အဖွဲ့က ဖောက်ထားတာ။ ခိုးဝင်ပေါက်တွေပေါ့လေ။ အဲဒီအနီးမှာလည်း ARSA သင်တန်းကျောင်းတွေ ရှိတယ်လို့ သိရတယ်" ဟု ယင်းဒေသအခြေအနေသိသူ နောက်ထပ် သတင်းရင်းမြစ်က ဆိုသည်။

ယင်းအပြင် နယ်စပ်ဒေသ မောင်တောမြို့နယ်အတွင်းမှာ ရှိသည့် အာရက္ခတပ်တော်တပ်စခန်းကို မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ထို့အတူ ယခုရက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် စစ်ဖက်ခေါင်းဆောင်အချို့သည် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ခေါင်ဆောင်များကို ခေါ်တွေ့ပြီး တောင်ပြိုမြို့(သို့) မြောက်ဖက်က အနီးပတ်ဝန်းကျင်ကို တိုက်ခိုက်ရန် ကြံစည်နေကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "ကျနော်တို့ စစ်ဦး ဟိုဖက်ကိုလှည့်နေတဲ့ အချိန်မှာ အကြမ်းဖက်သမားတွေကို "မင်းတို့ တိုက်ပါ။ ဒီရက်ပိုင်းက စပြီးမှ တောင်ပြိုကို တိုက်လို့မရဘူး ဆိုရင်တောင်မှ တောင်ပြိုရဲ့ မြောက်ဖက်မှာ ရှိတဲ့ဟာတွေကို မရရအောင်တိုက်ပါ။ မရှိရှိတဲ့ဟာနဲ့ တိုက်ပါ” ဆိုပြီး ပြောလာတဲ့အတွက် မနေ့ညက စပြီးတော့ ကျနော်တို့ စခန်းကို ဝိုင်းပြီး တိုက်နေတဲ့ တိုက်ပွဲ အခုထက်ထိ ဖြစ်နေတုန်းပဲ" ဟု ဧရာဝတီသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောခဲ့သည်။

ထို့အတူ အာဏာသိမ်း စစ်တပ်ကို တိုက်နေရသည့် အာရက္ခတပ်တော်သည် သူတို့ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးကိစ္စများ ဆောင်ရွက်နေရချိန်တွင် ဘင်္ဂလားဒေ့ရှ် အရာရှိတချို့၏ နောက်ကွယ်က တွန်းအားနှင့် စိမ့်ဝင်လာပြီး ARSA နဲ့ RSO အဖွဲ့၏ တိုက်မှုကို ကြုံနေရတာကြောင်း ဆိုသည်။

လက်ရှိအခြေနေတွင် ARSA အပါဝင် မွတ်ဆလင်လက်နက်ကိုင်များ၏ နှောက်ယှက်မှုများသည် ရခိုင်ပြည် မြောက်ပိုင်း နယ်စပ်ဒေသများတွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

အာရက္ခတပ်တော်အနေဖြင့် ယင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ အရေး ကြီးသလို ရခိုင်ပြည်သူများလည်း ပူးပေါင်းပါဝင် ရန်လိုအပ်ကြောင်း ရခိုင်စစ်ရေး လေ့လာနေသူများက ပြောသည်။

ရခိုင်စစ်ရေး စောင့်ကြည့်နေသူ လူငယ်တစ်ဦးက "မောင်တောနဲ့ ဘူးသီးတောင်ရဲ့ အခြေအနေတွေက စိုးရိမ်စရာဖြစ်တဲ့ အနေအထားမှာ ရှိတယ်။ အထူးသဖြင့် မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ အကြမ်းမှုတွေဟာ တစ်နေ့ထက် တစ်နေ့ပိုမို အတင်းရဲလာကြသလို နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသူတွေအတွက်လည်း အကြီးမားဆုံး စိန်ခေါ် မှုတစ်ခုဖြစ်လာတယ်။ ဒီအကြမ်းဖက်မှုတွေ ကို အာရက္ခတပ်တော်နဲ့ ရခိုင်ပြည်သူတွေ အတူပေါင်းပြီး ဖြေရှင်းဖို့လို အပ်လာပြီလို့ မြင်တယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်သရွေ အကြမ်းဖက်မှုတွေကို ခံနေရအုံးမှာ" ဟု ပြောသည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အခြေကုပ်နေထိုင်ကြပြီး နတ်မြစ်နှင့် မေယုတောင်တန်းက တစ်ဆင့်စိမ့်ဝင်ပြီး ရခိုင်ပြည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှာ အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်နေကြသည်ဟု စက်တင်ဘာလ ၁၉ ရက် အာရက္ခတပ်တော်၏ ထုတ် ပြန်ချက်မှာ ပြောထားသည်။

ထို့သို့ မွတ်ဆလင်လက်နက်ကိုင်များ၏ အကြမ်းဖက်များကို တိုက်ဖျက်ရန်အတွက်လည်း ရခိုင်နယ်စပ်မှာ လုံခြုံရေးများတိုးမြင့်ပြီး ဆောင်ရွက်သွားမည်ဟုလည်း အာရက္ခတပ်တော်က ဆိုထားသည်။

လက်ရှိတွင် ရခိုင်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အခြေအနေ ရှုပ်ထွေးနပြီး ဒေသခံများအနေဖြင့် အရေးပေါ်ကိစ္စမှ လွဲ၍ ခရီးမသွားကြရန်၊ သွားစရာရှိပါက AA တပ်ဖွဲ့ဝင်များကို အကြောင်းကြားပြီး သွားကြရန် အသိပေးထားကြောင်း သိရသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...