ကျုံဒိုး-ကော့ကရိတ် တောင်ပိုင်းနှင့် မြောက်ပိုင်း ကျေးနယ်များသို့ စက်တင်ဘာ ၁၂ ရက်နေ့မှစ၍ အာဏာသိမ်း စစ်တပ်က စစ်မျက်နှာချဲ့ စစ်ကြောင်းထိုးလာသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်တပ်က ကျုံဒိုး အင်းကြီး၊ ကျုံဘိုင်းမှ ကော့ကရိတ် လှိုင်စိမ်း၊ ကောင်းမှု့ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး တိုက်ခိုက်နေရာမှ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်း တောင်ဘက်ခြမ်းရှိ ရေပူ၊ နွားခြံကုန်း၊ မိဂလုံ၊ ဝိဇ္ဇာကုန်း၊ လှိုင်ကွယ်မှတောင်ကြာအင်း၊ မြောက်ကြာအင်းကျေးရွာများဘက်အထိ စစ်မျက်နှာချဲ့ထွင် စစ်ကြောင်းထိုးလာ သည်ဟု နယ်မြေစစ်ရေး သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ ဖားအံက စစ်ကူက ကျုံဒိုးကို နေ့တိုင်း ၅ စီး၊ ၁၀ စီး ဝင်တယ်၊ အခု စစ်တပ်က အင်းကြီး၊ ကျုံဘိုင်းလည်း မကျော် သေးဘူး ၊အခုထပ်ရောက်တဲ့ စစ်ကြောင်းတွေက နွားခြံကုန်းကနေတစ်ဆင့် ရေပူ၊ မိဂလုံ၊ ဝိဇ္ဇာကုန်း၊ လှိုင်ကွယ်ကနေ တောင်ကြာအင်းအထိ ထိုးဖောက်လာတယ်။ လက်နက်ကြီးကတော့ တော်တော်ပစ်တယ်” ဟု တောင်ကြားအင်းဒေသ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိ စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် လှိုင်ကွယ်၊ တောင်ကြာအင်း တံတားလမ်းပိုင်းတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲ ဖြစ်ပွားနေသလို၊ ကျုံဘိုင်း၊ ဗျက္ခသီဟကုန်း၊ အင်းကြီးရွာ ဘက်သို့ စစ်တပ်က လေကြောင်းပစ်ကူပေးပြီး တိုက်ခိုက်လာ၍ တိုက်ပွဲ ဆက်ဖြစ်နေသည်ဟု သိရသည်။
“တိုက်ပွဲက ကော့ကရိတ်နဲ့ ကျုံဒိုး ကြားမှာ စစ်တပ်နဲ့က နေ့တိုင်းပစ်နေရတယ်။ သူတို့က KNLA မဟာမိတ်တပ် တွေ ပြန့်ကွဲ သွားအောင် နေရာစုံကို ဖြန့်ခွဲ တိုက်နေတယ်။ အခု အင်းကြီးနဲ့ ကျုံဘိုင်းဆို တစ်လကျော်ပြီး၊ သူတို့ မကျော်နိုင်ဘူး။ အောက်ဘိုတဲလမ်းဟောင်းလည်း မကျော်နိုင်သေးတော့ အခုတောင်ကြာအင်းဘက်ကို စစ်မျက်နှာ တစ်ခုထပ်ဖိတယ်။ အဲ့လိုအခြေအနေတော့ ရှိနေတယ်” ဟု KNLA မဟာမိတ်တပ်ဖွဲ့ရှေ့တန်း သတင်း အရင်းအမြစ်က ပြောသည်။
လက်တလော KNLA မဟာမိတ် တပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ ကျုံးဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်း သစ် ဒေါနတောင် လမ်းဟောင်းနှင့် မြဝတီ မယ်ထော်သလေးလမ်းပိုင်း၊ ဝေါလေစစ်ဗျူဟာ ပိတ်ဆို့ တိုက်ခိုက် နေမှုများ ဆက်ရှိနေပြီး တိုက်ပွဲအနီး ဒေသခံများ ဘေးလွတ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင်နေရမှု ဆက်ရှိနေ သည်ဟု သိရသည်။
Photo - CJ







