လက်ရှိ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်အတွင်း မြို့နယ်ပေါင်း ၁၄ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။ ယင်းအပြင် လက်ကျန်မြို့များဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေမြို့တို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်။
ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရမည်ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော်သည် လက်ရှိ ကျောက်ဖြူနှင့် စစ်တွေ တိုက်ပွဲတွင် ပြင်ပ အင်အားကြီးနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများအပြင် ဖိအားပေးခြင်းများကိုလည်း ရင်ဆိုင်လာနေရသည်။
ယင်းအထဲတွင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၏ အကျိုးစီးပွားလိုအပ်ချက် အာရက္ခတပ်တော်၏ လက်ရှိ အကျပ်အတည်းများမှာလည်း သတိထားစရာများဖြစ်နေကြောင်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်ကြသည်။
တရုတ်ရဲ့ စစ်ရေးနိုင်ငံရေး ဖိအား
၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ MNDAA နှင့် TNLA တို့ကို သိမ်းထားသည့် မြို့များကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန် တရုတ်နိုင်ငံမှ ဖိအားပေးလုပ်ဆောင်နေသည့်အပြင် အာရက္ခတပ်တော်ကိုလည်း ကျောက်ဖြူမြို့သိမ်းတိုက်ပွဲအတွင်း ဖိအားပေးခြင်းများ ရှိနေကြောင်း သိရသည်။
၎င်းအပြင် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံသည် အားပေးထောက်ခံမှုများ ပြုလုပ်နေသည့်အပြင် ဒရုန်းနည်းပညာများ၊ စစ်လက်နက်ပစ္စည်းများ ရောင်းချထောက်ပံ့မှုများလည်း လုပ်ဆောင်နေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေရန် ကာကွယ်ပေးမည်ဟု အာရက္ခတပ်တော်ဘက်မှ အကြိမ်ကြိမ် ထုတ်ပြောခြင်းကို ကြည့်ခြင်းဖြင့် အာရက္ခတပ်တော်အပေါ် ဖိအားတစ်စုံတစ်ရာ ရှိနေကြောင်း ပေါ်လွင်စေသည်။
သို့သော်လည်း အာရက္ခတပ်တော်အနေဖြင့် အင်အားကြီး တရုတ်နိုင်ငံ၏ ဖိအားပေးခြင်းကို ဖြေရှင်းရန် ကျောက်ဖြူမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
“ရခိုင်မှာတော့ ဖိအားတွေ ပိုများလာတဲ့ သဘောပေါ့ဗျာ။ စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းပိုက်နိုင်သေးတဲ့ အနေအထားမှာ ကျောက်ဖြူမှာ ရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် တရုတ်က သဘောကျ ကျေနပ်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလာတယ်” ဟု နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ပြောသည်။
ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံတွင် တရုတ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့မှုမှာလည်း တရုတ်-အန္ဒိယ နှစ်နိုင်ငံ သင့်မြတ်ရေးနှင့် အခြားသော အကျိုးအမြတ်များ ရှိလာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်သူတို့က ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုမှာ အာရက္ခတပ်တော်အတွက် ဖိအားပိုမိုများပြားလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“တရုတ်နဲ့ အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကြောင့် AA အနေနဲ့ကတော့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ နေရာမှာ ပိုပြီးတော့ အကျပ်အတည်း ပိုကြီးလာနိုင်ပါတယ်။ ဒါကြောင့်မို့ လိုအပ်တာကတော့ ကျောက်ဖြူကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့ လိုပါတယ်။ ဒါမှ ရခိုင်ပြည်ကို စာနာစိတ်နဲ့ ထောက်ခံလာနိုင်တယ်လို့ မြင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ရှုမြင်သည်။
တရုတ်အစိုးရသည် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်လာချိန်မှ စ၍ စစ်ကောင်စီဘက်က ရပ်တည်ကြောင်း ပြသခဲ့ပြီး စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်က အကျိုးအမြတ်များစွာ ရသွားကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
“စစ်ကော်မရှင်အနေနဲ့ တရုတ်ဆီက ချေးငွေ၊ စစ်လက်နက်၊ နည်းပညာတွေ ရနိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်မှာလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အလေးပေး ဖိတ်ခေါ်ခဲ့ပါတယ်။ သူ့အတွက်က ဒါကပဲ မြန်မာ့စီးပွားရေး ထွက်ပေါက်ဖြစ်သလို လိုအပ်တဲ့ တည်ငြိမ်မှုကိုလည်း ဖန်တီးပေးရမှာပါ။ ဒါကြောင့် AA အတွက် စိန်ခေါ်မှုတွေ အကြီးအကျယ် ရှိလာစေမှာပါ။ ဒါပေမဲ့ AA အတွက် သီးသန့်ဘယ်လို ဖိအားပေးမယ် မသိနိုင်ပါဘူး” ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူး ISP-Myanmar ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက သုံးသပ်သည်။
လက်ရှိ အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ တရုတ်စီမံကိန်းများဖြစ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ- အမ်း ရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း၊ အမ်းလေအားလျှပ်စစ်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူကားလမ်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းနှင့် သံတွဲလေအားလျှပ်စစ် စီမံကိန်းတို့ကို အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားကြောင်း ISP-Myanmar ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ယင်းကြောင့် အာရက္ခတပ်တော်အနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒကို အသေအချာသိရန် လိုအပ်ပြီး လက်တလောတွင် တရုတ်ဘက်မှ အာရက္ခတပ်တော်ကို စစ်ရေးအရ ဖိအားပေးမည် မဟုတ်သေးကြောင်းလည်း ရှုမြင်သူများ ရှိနေသည်။
“တရုတ်ရဲ့ နိုင်ငံခြားရေးဝါဒကို သေချာသိဖို့ လိုမယ်လို့ထင်တယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူက အမေရိကန်လို တခြားနိုင်ငံတွေနဲ့ မတူဘူး။ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒက Realism (သရုပ်မှန်ဝါဒ) လို့ ပြောရင်ရတယ်။
သူ့အကျိုးစီးပွား ကာကွယ်ရေးပဲ။ လတ်တလောအနေနဲ့တော့ တရုတ်ရဲ့ ရည်ရွယ်ချက်က နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်ရေးဆိုတော့ အရှေ့မြောက်ပိုင်းကို အဓိက ထားနေတော့ ရခိုင်ဒေသကို ယာယီအနေနဲ့ စစ်ရေးလုပ်ဆောင်မှုရှိမယ် မထင်ဘူး" ဟု နိုင်ငံရေးလေ့လာသူ ကိုပြည့်စုံက သုံးသပ်သည်။
သတိထားရမည့် အိန္ဒိယဆက်ဆံရေး
လက်ရှိတွင် အိန္ဒိယနယ်စပ်အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အာရက္ခတပ်တော်သည် အင်အားကြီး အိန္ဒိယနှင့် သံတမန်ဆက်ဆံရေးကောင်းတစ်ရပ် ဖန်တီးနိုင်ရန် စိန်ခေါ်မှုများ ရှိနေကြောင်း တွေ့ရသည်။
တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်လာသည့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် မြန်မာစစ်ခေါင်းဆောင်တို့နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး ကိစ္စတို့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးအတွက် သဘောတူညီခဲ့ကြကြောင်း နှစ်ဘက်စလုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် မြန်မာနှင့် ဆက်ဆံရေးတွင် တရုတ်ကို အပြိုင်အဆိုင်သဘောထားပြီး အိမ်နီးချင်းနိုင်ငံကြီး တစ်ခုအနေဖြင့် ဩဇာလွှမ်းမိုးလိုသည့် ဆန္ဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
သို့သော် အိန္ဒိယသည် ဗဟိုစဉ်းစားချက်နှင့် အောက်ခြေပြည်နယ် စဉ်းစားချက်များ ကွဲလွဲနိုင်ပြီး အောက်ခြေ ပြည်နယ်များကို တစ်စုံတစ်ရာ လွတ်လပ်ခွင့်ပေးထားခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်း အချို့ ပွင့်နေခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း နယ်စပ်လုံခြုံရေး ပြသနာအတွက် စစ်ကောင်စီနှင့် ပူးပေါင်းနေသည်မှာ ကာလ ကြာမြင့်နေပြီဖြစ်ကြောင်း ဦးအောင်သူငြိမ်းက သုံးသပ်သည်။
“အိန္ဒိယနိုင်ငံခြားရေးကို ကြည့်ရင် ဒေလီ(ဗဟို)က စဉ်းစားချက် တမျိုး၊ အောက်ခြေ ပြည်နယ်တွေက တမျိုး ဖြစ်နေနိုင်ပါသေးတယ်။ သူက ပြည်နယ်တွေကိုလည်း တစုံတရာ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့် ပေးထားပါသေးတယ်။ ဒီအတွက် တချို့ကုန်သွယ်လမ်းတွေ ပွင့်နေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒေလီ အစိုးရ (ဗဟို) အနေနဲ့ သူ့နယ်စပ်က သူပုန်တွေပြဿနာ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ကြာပါပြီ" ဟု ဦးအောင်သူငြိမ်းက ရှုမြင်သည်။
အိန္ဒိယသည် မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို အသံဖြင့် ထောက်ခံပြီး ဖက်ဒရယ်အရေးအတွက်လည်း မြန်မာ စစ်ခေါင်းဆောင်က အိန္ဒိယ ဖက်ဒရယ်မိုဒယ်ကို လေ့လာသင့်ကြောင်း ပြောဆိုထားခြင်းကြောင့် လေ့လာရေးခရီးများ၊ ပညာရှင် ပို့ချမှုများကို စစ်ကောင်စီနှင့် လုပ်ဆောင်နေသည်။
လက်ရှိ အိန္ဒိယ အကျိုးစီးပွားအနေဖြင့် ကုလားတန်စီမံကိန်းနှင့် အိန္ဒိယနယ်စပ်မှ ထိုင်းနိုင်ငံထိ ဖောက်မည့် အဝေးပြေးလမ်းမ စီမံကိန်းများ ရှိနေပြီး အာရက္ခတပ်တော်အတွက် အိမ်နီးချင်းများနှင့် ရင်းနှီးသည့် ဆက်ဆံရေး ထားရှိရန်လိုအပ်ကြောင်း ဦးအောင်သူငြိမ်းက အကြံပြုထားသည်။
“စီးပွားရေး အကျိုးစီးပွားကတော့ အခုမလုပ်နိုင်သေးတဲ့ ကုလားတန်ဘက်စုံဆိပ်ကမ်း စီမံချက်နဲ့ ထိုင်းနိုင်ငံအထိ အိန္ဒိယနယ်စပ်က ဖောက်မယ့် အဝေးပြေးလမ်းမတွေ ရှိပါတယ်။ AA အတွက်တော့ အိမ်နီးချင်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ထားရှိဖို့ လိုအပ်မယ် ထင်ပါတယ်” ဟု ဦးအောင်သူငြိမ်းက အကြံပြုထားသည်။
စစ်ခေါင်းဆောင်နှင့် အိန္ဒိယ ဝန်ကြီးချုပ်တွေ့ဆုံခြင်းသည် အိန္ဒိယ နယ်စပ်ဒေသ အချို့ထိန်းချုပ်သည့် အာရက္ခတပ်တော်အတွက် ဖိအားတစ်ခုဖြစ်လာစေနိုင်ပြီး အိန္ဒိယနှင့် တရားဝင်ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် စိန်ခေါ်မှုများသွားစေနိုင်မည်ဖြစ်သည်။
လက်ရှိ မီဇိုရမ်ပြည်နယ်မှ အခြေခံကုန်ပစ္စည်းများ ဝယ်ယူခွင့်ပြုထားခြင်းမှာ အိန္ဒိယနိုင်ငံသားများ၏ အကျိုးစီးပွားအတွက်သာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး တရားဝင် ကုန်သွယ်ရေးမဟုတ်ခြင်းကြောင့် ရခိုင်ဒေသခံများအတွက် အာမခံချက်မရှိပေ။
လက်ရှိတွင် အာရက္ခတပ်တော်က အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းကို အများစုထိန်းချုပ်ထားသော်လည်း ဆိပ်ကမ်းရှိသည့် စစ်တွေမြို့ကို ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
အာရက္ခတပ်တော်အနေဖြင့် ကုလားတန်စီမံကိန်း ပြီးမြောက်ရေးနှင့် ပတ်သက်၍ အိန္ဒိယ အစိုးရနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
အိန္ဒိယနိုင်ငံသည် ခိုင်ရာဇာ ဦးဆောင်သည့် ရခိုင်တော်လှန်ရေးသမားများကို ၁၉၉၈ ခုနှစ်တွင် အယုံသွင်းကာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် သမိုင်းလည်းရှိနေခြင်းကြောင့် အာရက္ခတပ်တော်အနေဖြင့် သတိထားဆက်ဆံရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
၎င်းအပြင် အိန္ဒိယသည် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ရောင်းချထောက်ပံ့ပေးခြင်းများ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများကို ရပ်တန့်ရန်နှင့် စစ်ကောင်စီ ရွေးကောက်ပွဲကို မထောက်ခံရန် Justic for Myanmar က တောင်းဆိုထားသည်။
ရှုပ်ထွေးနေသည့် မွတ်ဆလင်အရေးနှင့် ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် လက်ရှိတွင် နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်အရေး၊ မွတ်ဆလင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကိုလည်း ရင်ဆိုင်နေရသည်။
၎င်းအပြင် မွတ်ဆလင် လက်နက်ကိုင်အုပ်စုများမှာလည်း အာရက္ခတပ်တော်ကို စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်ကောင်စီဘက်မှ ရပ်တည်နေသည့် အနေအထားအောက်တွင် အာရက္ခတပ်တော်၏ လုပ်ရပ်မှာ မွတ်ဆလင်များအပေါ် ဖိနှိပ်နေသည်ဟူသည့် အမြင်များသည် အခြေအနေနှင့် မကိုက်ညီကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။
“ဒီမွတ်ဆလင် ပြဿနာက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်နေတယ်။ ရခိုင်ပြည်တစ်ခုတည်း ဖြစ်နေတာ မဟုတ်ဘူး။ မွတ်ဆလင် စစ်သွေးကြွတွေကလည်း ရခိုင်မှာ ပြန်အခြေချနိုင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ကောင်စီဘက်က ရပ်တည်တဲ့ အကြမ်းဖက်လက်နက်ကိုင်အဖြစ် ပါဝင်နေတဲ့အနေအထားအောက်မှာ AA ရဲ့ လုပ်ဆောင်ချက်က မွတ်ဆလင်တွေအပေါ်မှာ ဖိနှိပ်တယ်ဆိုတဲ့ အမြင်တွေကတော့ အခြေအနေတွေနဲ့ မကိုက်ညီ၊ မမှန်ကန်ဘူးလို့ ယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO နှင့် ARA တို့က စခန်းတွင်း လူငယ်များကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေမှုကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်မှ တားဆီးခြင်းမရှိကြောင်း နိုင်ငံတကာ အကျပ်အတည်းများ စောင့်ကြည့်ရေးအဖွဲ့ ICG က DMG နှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။
မွတ်ဆလင် ဒုက္ခသည်စခန်းများအတွင်း AA ကို တိုက်ခိုက်ရန် ကြွေးကြော်စည်းရုံးသည့် စုဝေးပွဲများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်မှ တစ်စုံတစ်ရာ ထိန်းကွပ်ခြင်း မရှိခြင်းတို့ကြောင့် ရှေရှည်အနေဖြင့် အာရက္ခတပ်တော်၏ နယ်စပ်ထိန်းချုပ်ရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း မွတ်ဆလင်အရေး စောင့်ကြည့်သူများက သုံးသပ်ကြသည်။
ကုလအထွေထွေ ညီလာခံ ဆုံးဖြတ်ချက် (A/RES/79/278) အရ လာမည့် စက်တင်ဘာတွင် ကျင်းပမည့် ကုလ သမဂ္ဂ ဌာနချုပ်တွင် မွတ်ဆလင်အရေးနှင့် ပတ်သတ်၍ အဆင့်မြင့် ညီလာခံအတွက် လှုံ့ဆော်စည်းရုံးမှုများရှိ နိုင်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များလည်း စဉ်းစားချက်များရှိနေနိုင်ခြင်းကြောင့် အာရက္ခတပ်တော်အနေဖြင့် နိုင်ငံတကာ စင်မြင့်အထိ စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း ရှုမြင်မှုများလည်း ရှိနေသည်။
လာမည့် စက်တင်ဘာ ၃၀ တွင် ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့တွင် မွတ်ဆလင် ရိုဂျင်ဂျာ အရေးနှင့် ပတ်သက်ပြီး အဆင့်မြင့်အရာရှိများ ညီလာခံ (High-level Conference) ရှိနေသည်။
“ဒီအတွက် လှုံ့ဆော်စည်းရုံးမှုတွေ ရှိနိုင်ပါတယ်။ ဒါက ဆောင်ရွက်တာပါ။ ဒီအပေါ်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း တမျိုးတဖုံ စဉ်းစားချက်တွေ ရှိနိုင်ပါတယ်။ AA က ကိုယ့်ပြည်တွင်းရေးလို စဉ်းစားတာမျိုးထက်၊ နိုင်ငံတကာ စင်မြင့်အထိပါ စဉ်းစားဆောင်ရွက်တာမျိုးတွေ လိုအပ်ပါမယ်။ ဘယ်လိုဖြေရှင်းသင့်တယ်လို့ အကြံမပေးနိုင်ပါ။ သေချာတာကတော့ ရခိုင်ပြည်နယ်ထဲ ရှိတော့ တိုင်းရင်းသားလူမျိုးစုတွေ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ဖို့ စိန်ခေါ်ချက်တွေ ရှိနေပါတယ်” ဟု ဦးအောင်သူငြိမ်းက သုံးသပ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးခိုးဖမ်းသည့် ကိစ္စများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ လျစ်လျူရှုထားပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပိတ်ပင်ထားသည့် စိန်ခေါ်မှုများနှင့် အာရက္ခတပ်တော် ရင်ဆိုင်နေရသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်ရေး၊နှင့် ပတ်သက်ပြီးလည်း အာရက္ခတပ်တော်ထံတွင် ဖိအားများလည်း ရှိလာနိုင်ကြောင်း သုံးသပ်နေကြသည်။
လက်ရှိတွင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် အင်အားကြီးနိုင်ငံများနှင့် တစ်မျိုးတဖုံ ရှောင်လွဲမရအောင် ဆက်ဆံနေရသည့် အာရက္ခတပ်တော်သည် သံတမန်ဆက်ဆံရေးတို့တွင် လိမ်မာပါးနပ်စွာ ဖြေရှင်းရမည့် အခြေအနေရှိနေကြောင်း နိုင်ငံရေး အကဲခတ်တို့က အကြံပြုကြသည်။







