ရခိုင်ပြည် ပညာရေး စနစ်တကျလည်ပတ်နိုင်ရေး ULA စီစဉ်

ရခိုင်ပြည် ပညာရေး စနစ်တကျလည်ပတ်နိုင်ရေး ULA စီစဉ်
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG

အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းဆရာ/မများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသား ပညာရေးဌာနက ဝင်ခွင့် စာမေးပွဲ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ရခြင်းမှာ AA ထိန်းချုပ်နယ်မြေများ၌ အခြေခံပညာရေးစနစ် အဆင့်တစ်ခုအထိ တိုးတက်မြင့်မားစွာ လည်ပတ်နိုင်ရေးနှင့် ပညာရေးဝန်ထမ်း စာရင်းသွင်းထားပြီး လုပ်ငန်းခွင် မဝင်ကြဘဲ ပြင်ပ စီးပွားရေး လုပ်ကိုင်နေသည့် ဆရာ/မ၊ ပြည်မ ဘက်သို့ ရောက်သွားသည့် ဝန်ထမ်းနေရာတွင် စနစ်တကျ အစားထိုး ခန့်အပ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

“ အဆင့်အတန်းရှိတဲ့ ပညာရေးစနစ်တစ်ခုကို တည်ဆောက်လိုတာ ဖြစ်တယ်။ ဒုတိယအချက်က မိခင် ပညာရေးဌာနမှာ နာမည်ခံပြီး အခြားပြင်ပ နယ်ပယ်အသီးသီးသို့ ရောက်ရှိနေသူတွေ ရှိမရှိ စာရင်းစစ်တာလို့တော့ ထင်ပါတယ်။ နေရာမှန် လူမှန်ရှိစေချင်တဲ့ သဘောပေါ့ ” ဟု ULA ပညာရေးဌာနတွင် တာဝန်ထမ်းနေသူ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ပညာရေးကဏ္ဍသည် လက်ရှိတွင် စစ်အစိုး၏ ဗဟိုချုပ်ကိုင်မှုစနစ်က ခွဲထွက်ပြီး ကိုယ်ပိုင်ပညာရေးယန္တရား တစ်ခုအဖြစ် ဖော်ဆောင်နေခြင်းဖြစ်သည်။

ထို့သို့ ပညာရေးဌာန လုပ်ငန်းစဉ်ကို စနစ်တကျ ကိုင်တွယ်နိုင်ရန်အတွက် အာရက္ခအမျိုးသားပညာရေးဌာနကို သီးသန့် ဖွဲ့စည်းထားပြီး ယင်းဌာနအောက်တွင် အခြေခံ ပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်သင်ဌာန၊ စာစစ်ဌာန၊ သုတေသန သင်ရိုးညွှန်းတမ်း ဌာနများဖြင့် ခွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များက မြို့သိမ်းတိုက်ပွဲများကြောင့် ရခိုင်ပြည်တွင် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ဆရာ/မ များမှာလည်း စစ်ဘေးရှောင်နေရခြင်း၊ နေရောပြောင်းရွှေ့ခဲ့ရခြင်းနှင့် ဝမ်းစာရေးအတွက် အခြား ပြင်ပစီးပွားရေး နယ်ပယ်သို့ ရောက်သွားသူများလည်း ရှိနေခဲ့သည်။

မင်းပြားမြို့နယ်က ကျောင်းဆရာမတစ်ဦးက “ ကျမ ကြားတာကို ပြောရမယ်ဆိုရင် တစ်ချို့ ကျောင်းဆရာ/မတွေက စာရင်းသာ ပေးထားကြတာ ရခိုင်မှာ မရှိတဲ့ သူတွေက မရှိ။ စီးပွားရေးအတွက် အိန္ဒိယကို ကုန်ကူးဖို့ သွားကြ။ အဲဒါတွေကို သိနိုင်ဖို့နဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ လက်အောက်ခံ ပညာရေးဌာနက စစ်ဆေးနေတာလို့ ထင်ပါတယ်။ အဲလို လုပ်တာက မှန်ကန်တဲ့ လုပ်ဆောင်ချက်ပါ” ဟု ပြောသည်။

ယင်းကြောင့် ယခုနှစ် ရခိုင်ပြည် ပညာရေးကို ယခင်ကထက် အဆင့်မြှင့်တင်ပြီး စနစ်တကျဖြစ်စေရေး၊ ယခင် ဆရာ/ မများ စာရင်းနှင့် ယခုနှစ် ဖွင့်လှစ်မည့် စာသင်ကျောင်းများနှင့် ဆရာ/မ အင်အားကို သုံးသပ်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မြောက်ဦးခရိုင်က အထက်တန်းပြ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ အာရက္ခပညာရေးအတွက် ရာထူးဝင်ခွင့် စာမေးပွဲဆိုပြီး ဖြေဆိုကြရတယ်။ ဂုဏ်သိက္ခာရှိတဲ့ စားမေးပွဲ တစ်ခုကို ပြင်ဆင်တာဖြစ်တယ်။ ဒုတိယ တစ်ချက်က ရခိုင်ပြည်တွင်းမှာ နာမည်ခံထားပြီး ပြည်မမှာ သွားပြီး အလုပ်လုပ်နေကြတာ၊ နောက်ပြီး ကျောင်းဆရာ နာမည်ခံပြီး စီးပွားရေးဖက်မှာ ရောက်နေကြတဲ့ ခရီးသွားနေသူတွေကို အမှန်တကယ်ကျောင်းမှာ ရှိမရှိ။ စစ်ဆေးလိုတဲ့ သဘော။ ရှိရင်တော့ ဆရာ/မတွေဟာ ဒီနှစ်မှာ အမှန်တကယ် အလုပ်လုပ်ဖို့အတွက် ခေါ်တာဖြစ်တယ် ” ဟု မြောက်ဦးခရိုင်က အထက်တန်းပြ ကျောင်းဆရာတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်ပညာရေးဌာနတွင် ဝင်ရောက်တာဝန်ထမ်းသူ ဆရာ/မ ဦးရေ နည်းပါးခဲ့ပြီး ULA အစိုးရဘက်ကလည်း လစာထောက်ပံ့ကြေး မပေးနိုင်ခဲ့ဘဲ ကျောင်းသားမိဘများထံက လစဉ်ကြေး ကောက်ပြီး ဆရာ/ မများ ဝေစုခွဲကာ လစာမဟုတ်ဘဲ ညှိနှိုင်းယူခဲ့ကြရသည်။

သို့သော်လည်း ယခုနှစ် ပညာရေးကဏ္ဍအတွက် ULA အစိုးရမှ ဘတ်ဂျတ်ငွေ ချပေးမည်ဟု သိထားပြီး လစာမည်မျှ ရမည်ကိုတော့ အတိအကျ မသိရသေးကြောင်း ပညာရေးအသိုင်းဝိုင်းက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ULA/AA ထိန်းချုပ်နယ်မြေများတွင် အာရက္ခအမျိုးသား စာစစ်အဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် အခြေခံပညာ အထက်တန်း Grade-12 စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ခဲ့သည်။

အာရက္ခတပ်တော်သည် ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်ထဲတွင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားခိုင်မာအောင် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရတစ်ရပ်ဖွဲ့စည်းကာ ပညာရေးအပြင်၊ ကျန်းမာရေး၊ တရားရေး၊ စသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုပါ အရှိန်မြှင့်လုပ်နေသည်။

အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...