ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့ပေါ် ရပ်ကွက်များတွင် လူပေါ်တာဆွဲခြင်း၊ အရပ်သားပိုင် ကားများကို ပေါ်တာဆွဲခြင်းမှ ငွေတောင်းခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် စစ်အုပ်စု လက်အောက်ခံများက အရပ်သားများထံမှ ငွေတောင်းခံနေကြောင်း မြို့တွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
စစ်ကောင်စီခွင့်ပြုထားသည့် စစ်မှုထမ်းဥပဒေအားဖြင့် တပ်သားစုဆောင်းခြင်းအပြင် ၎င်းတို့ ထိန်းချုပ်မှု အားကောင်းသည့် ရွှေကျင်မြို့ပေါ်လိုနေရာနှင့်အနီးနားကျေးရွာအချို့တွင်ပါ စစ်အုပ်စုဝင် ရဲနှင့် အုပ်ချုပ်ရေးမှူးများက ငွေတောင်းခံနေခြင်းဖြစ်သည်။
“လူဖမ်းပြီးရင် စစ်ထဲမပို့ဘဲနီးရာစခန်းမှာထားပြီး ပိုက်ဆံမပေးနိုင်ရင် စစ်မှုထမ်းသင်တန်း ထဲတန်းပို့တယ်။ နောက်တစ်ခုက မြို့ထဲမှာရှိတဲ့ကားတွေကို ပေါ်တာဆွဲတာ၊ ကားတွေကို သူတို့(စစ်အုပ်စု) ကိစ္စအတွက် အလှည့်ကျလိုက်ခေါ် တယ်။ မအားလို့မလိုက်နိုင်ရင် အားတဲ့ကားလိုက်ရှာပေးရတယ်၊ ငှားတဲ့ပိုက်ဆံကလည်း ပြည်သူကပေးရတယ်။” ဟု မြို့ခံများနှင့် အဆက်သွယ်ရှိသူက ဆိုသည်။
စစ်မှုထမ်းပေါ်တာမှလွတ်ကင်းရေးအတွက် တစ်ဦးလျှင် မြန်မာကျပ်ငွေ သိန်း ၇၀ မှ သိန်းရာကျော်အထိ ပေါက်ဈေးရှိနေပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုများပါ ရှိကြောင်းလည်း မြို့ခံအချို့၏ပြောပြချက်အရ သိရသည်။
ရွှေကျင်မြို့ခံအမျိုးသမီးတစ်ဦးက “သိန်း ၇၀၊ ၁၀၀ ရာ၊ ၁၂၀ အစားစားရှိတယ်။ လူပြန်ရွေးရတာ။ ရွှေကျင်မြို့မရဲစခန်းက နယ်ထိန်းက အဓိကလုပ်နေတာလို့ကြားတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း ပါတာပေါ့။ ပေါ်တာလိုက်ဖမ်းတာများ ဖမ်းမခံဘဲထွက်ပြေးရင် ပါးရိုက်သေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ရွှေကျင်မြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၃) နယ်မြေအတွင်း ပါဝင်သော်လည်း မြို့နှင့်အနီးကျေးရွာများမှ ကေအဲန်ယူထိန်းချုပ်ရေးလက်လှမ်းဝေးသည့် အခြေအနေတွင် ဖြစ်သည်။
အာဏာသိမ်းထားသည့် ၂၀၂၃ ခုနှစ်နောက်ပိုင်း စစ်ကောင်စီကအတင်းအကြပ်တပ်သား စုဆောင်းခံရသူ ဦးရေ ပိုများလာပြီး ၂၀၂၅ ခုနှစ်အထိ ရာချီရှိနေသည်။ ၎င်းအနက် မြို့ပေါ်နေအရပ်သားကအများစုဖြစ်ပြီး တပ်သားစုဆောင်းမှု ခေါင်းစဉ်ဖြင့် ငွေနှင့်လိုက်၍ ပြန်ရွေးယူရသည့်ဖြစ်စဉ် အများအပြားရှိကြောင်း ကေအဲန်ယူရွှေကျင်မြို့နယ်ဘက်က ဇူလိုင်လပိုင်းအတွင်း ထုတ်ပြန်ထားသည်။
ကေအဲန်ယူအနေဖြင့် ထိုဖြစ်စဥ်များအတွက် စစ်ကောင်စီလှုပ်ရှားသွားလာသည့် နေရာများကို အရပ်သားများ ရှောင်ရှားသွားလာနိုင်ရန် အသိနှင့် သတိပညာပေးအစီအစဥ်များသာ ပြုလုပ်နိုင်သည်ဟု ဆိုသည်။
အလားတူ ရန်ကုန်၊ မန္တလေး၊ ပဲခူး ကဲ့သို့ မြို့ကြီးများအပြင် စစ်ကိုင်း၊ မိထ္တီလာ၊ ညောင်ဦးစသည့် မြန်မာပြည် အလယ်ပိုင်း ဒေသများတွင်လည်း စစ်မှုထမ်းအကြောင်းပြ တပ်သားစုဆောင်းခြင်းမှ ငွေကျပ်သိန်းဆယ်နှင့်ချီ တောင်းယူမှုများ ဖြစ်ပေါ်နေကြောင်း ဒေသအလိုက်သတင်းများမှ သိရသည်။







