ရေဖြူ- ထားဝယ်တွင် ပိတ်မိနေသည့် ယာဉ်မောင်းနှင့် ခရီးသည်များ ယာယီစားသောက်နေထိုင်ရေး ခက်ခဲ

ရေဖြူ- ထားဝယ်တွင် ပိတ်မိနေသည့် ယာဉ်မောင်းနှင့် ခရီးသည်များ ယာယီစားသောက်နေထိုင်ရေး ခက်ခဲ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ-ထားဝယ် အမှတ် ၈ လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ကို လုံခြုံရေးအရ ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ ယနေ့ စက်တင်ဘာ ၄ ရက်နေ့အထိ ကန့်သန့်ထားဆဲဖြစ်သဖြင့် ပိတ်မိနေသည့် ယာဉ်မောင်းနှင့် ခရီးသည်များ ယာယီစားသောက်နေထိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်နေသည့် ရေဖြူ-ထားဝယ်လမ်းပိုင်းကို လုံခြုံရေးအရ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ဘေးရှောင်သူများမှလွဲ၍ သွားလာခွင့်ကန့်သတ်ထားခြင်းဖြစ်ပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကား ရာနှင့်ချီ ပိတ်မိနေသည်။

ရက်ရှည်ကြာ ပိတ်မိနေသည့် ယာဉ်မောင်းနှင့် ခရီးသည်များသည် လုံခြုံရေးအပြင် ရာသီဥတုအခြေအနေကြောင့် နေထိုင်စရာနေရာနှင့် စားသောက်ရန် အခက်အခဲရှိနေကြကြောင်း သိရသည်။

“ကားတွေ ပိတ်နေတာ အများကြီးပဲ၊ လမ်းမှာ အိပ်နေတယ်။ ရက်တွေကြာတော့ စားစရာမရှိလို့ ရွာအနားက ဘုန်းကြီးကျောင်းတွေမှာ လိုက်စားနေတယ်။ မိုးကလည်း ရွာနေတော့ အဆင်မပြေဘူး။ ထားဝယ်ဘက်ကို လုံးဝဆင်းလို့ မရဘူးဖြစ်နေတယ်။ ဘယ်သူမှ မသွားရဲဘူး။ ကားမပြောနဲ့ ဆိုင်ကယ်လည်း မသွားရဲဘူး။ အဲ့ကြောင့် အခုပစ္စည်းတွေ ပို့ဖို့ အလုပ်တွေအကုန် မလည်ပတ်နိုင်ဘူး။” ဟု ရန်ကုန်မှ ထားဝယ်သို့ ကုန်ပစ္စည်းပို့ဆောင်နေသော အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်နှင့် တော်လှန်ရေးမဟာမိတ်ပူ‌ပေါင်းတပ်ဖွဲ့တို့ကြား ယမန်နေ့ညနေပိုင်းအချိန်ထိ စစ်ရေးအခြေ‌အနေများ ဆက်လက်တင်းမာနေဆဲ‌ဖြစ်သောကြောင့် လမ်းကို ပြန်လည်ဖွင့်ပေးရန် အဆင်မပြေသေးကြောင်း ဒေသတွင်း စစ်ရေးလှုပ်‌ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဆိုသည်။

တစ်ဖက်တွင်လည်း အမှတ် (၈) လမ်းမပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ စစ်ကော်မရှင်တို့က စားနပ်ရိက္ခာနှင့် ကုန်စည်တင်သွင်းခြင်းကို ကန့်သတ်ထားပြီး စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။

အဆိုပါအခြေအနေများကြောင့် ရေဖြုမြို့နယ်နှင့် အနီးတဝိုက်တွင် ကုန်စိမ်းများ ဈေးအဆမတန်မြင့်တက်နေပြီး ကုန်စည်ပစ္စည်းအချို့ ပြတ်လပ်နေကြောင်း ရေဖြူဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကုန်စိမ်းတွေက ဈေးနှစ်ဆသုံးဆတက်နေတာ၊ ဘုရားပန်းကအစ ဝယ်လို့မရတော့ဘူး။ ဆီတွေ အချိုမှုန့်တွေ ကတော့ ဈေးမတက်ဘူး။ တဖြည်းဖြည်းနဲ့တော့ပစ္စည်းတွေကပြတ်လာတယ် အချို့ကျတော့လဲဝယ်ပြီး စုဆောင်းတာတွေရှိတယ်၊ ပစ္စည်းတွေက သွင်းတာလဲမရှိဘူးဆိုတော့လေ လူတိုင်းကလဲ လမ်းကို ပြန်ဖွင့် စေချင်ကြတာ အဓိကလမ်းမကြီးကို ပိတ်ထားတာဆိုတော့ တော်တော်ဒုက္ခရောက်ကြတယ်"ဟု ဒေသခံအမျိူသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရေဖြူဒေသခံများ ကြက်ဥတစ်လုံး ၁၀၀၀ ကျော်၊ ကောဖီထုပ်တစ်ပိသာဈေး ၁၅၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၁၈၀၀၀ ကျပ်ဖြင့် ဝယ်ယူ စားသောက် နေရကြောင်း ဆက်ပြောသည်။

ပြည်သူများရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် လမ်းပိတ်ဆို့ခြင်းအခက်အခဲကို ထပ်တူ နားလည် သဘောပေါက်ကြောင်းနှင့် တိုက်ပွဲကြောင့် လုံခြုံရေးနှင့် ပျက်ဆီးဆုံးရှုံးမှုများလျှော့ချရန်အတွက် ယာယီ ကန့်သတ်ထားရခြင်းဖြစ်ကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဆိုထားသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...