ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် စတင်လုပ်ဆောင်လာနေပြီး သုံးရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၅ ဦးအထိရှိလာတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။
ဩဂုတ် ၂၈ ရက်နေ့ကစတင်ပြီး ပန်းတင်တံတားမှာ လူငယ် ၁၀ ဦး၊ ၂၉ ရက်နေ့မှာ မရှီကထောင်ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ကျောက်စိမ်းတံတားမှာ လူငယ် ၁၅ ဦး၊ ၃၀ ရက်နေ့မှာ မရှီကထောင် ကျောက်စိမ်းသူ စားသောက်ဆိုင်မှာ မွေးနေ့ပွဲလုပ်နေတဲ့ လူငယ် ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတဲ့အပြင် ၃၁ ရက်နေ့မှာလည်း သုံးဘီးဂိတ်က ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီ ၃၁ ရက်နေ့ ညမှာပဲ ဖားကန့်ကျောက်ဝိုင်းထဲက ဆိုင်ကယ်ဝပ့်ရှောပ့်ဆိုင်က လူ ၄ ဦး၊ လမ်းသွားလမ်းလာက ကား ၂ စီးနဲ့အတူ ကားပေါ် ပါလာတဲ့ သူတွေအားလုံးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းက နေ့တိုင်းလိုလို ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်နေတာပေါ့လေ။ တစ်ချို့က ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သူတွေရှိသလို များသောအားဖြင့်က လုံးဝ ပြန်လွတ်လာတာမျိုးတော့ မကြားရသေးဘူး။ ဒီ ၂၉ ရက်ည ကျောက်စိမ်းတံတားနားမှာ ဖမ်းဆီးခံရတဲ့ ၁၅ ဦးထဲကနေ ၈ ကိုလွတ်ပေးပြီး ၇ ယောက်ကိုလည်း အခုထိဖမ်းထားတယ်လို့ကြားရပါတယ်”လို့ပြောပါတယ်။
ဩဂုတ်လ ၂၈ ၊ ၃၀၊ ၃၁ ရက်တွေမှာ ဖမ်းဆီးခံရတဲ့ သူတွေက ဒီကနေ့ အထိ လွတ်မြောက်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။
ဒီရက်ပိုင်း ဖမ်းဆီးခံရတဲ့ထဲ တော်လှန်ရေးတပ်ဖွဲ့မှာ ပါဝင်နေတဲ့ နိုင်မင်းထက် ဆိုသူက စစ်ကောင်စီတပ်လက်ထဲရောက်ပြီးကနောက် စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ဖားကန့်မြို့တွင်းနေရာထဲမှာ စစ်ဆေးရေးပိုပြီး တင်းလာတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် လက်အောက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်မင်းထက်ဆိုသူဟာ ဖမ်းဆီးခံရတာမျိုးမဟုတ်ဘဲ တည်းဟိုနေတဲ့ နေရာကနေ စစ်ကောင်စီတပ်ကို အကြောင်းကြားပြီး လာရောက်ခေါ်ဆောင်ခိုင်းသွားတာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့အတွင်း လုံခြုံရေးခေါင်းနဲ့ ကင်းပုန်းဝပ်ထားပြီး လမ်းသွား လမ်းလာ ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားကာ အုပ်စုလိုက် ဖမ်းဆီးနေတာဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။
“ဒီအခြေအနေတွေက လက်ရှိမှာ စစ်တပ်က ဖားကန့်မှာ အင်းအားဖြည့်တင်ပြီး လုံခြုံရေးဆိုပြီးတော့ ကင်းပုန်းဝပ့်တာတွေလည်းရှိတယ်။ နေ့ခင်းပိုင်း ဆိုရင်လည်း ကုန်းထိပ်မှာ စစ်ကြောင်းထိုင်တာတွေလုပ်တယ်။ ညပိုင်းဆိုရင်လည်း ခပ်စိပ်စိပ် ဖမ်းဆီးခံရတာတွေလုပ်တယ်။ နောက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရတယ်ဆိုပြီး နာမည်ထွက်ကတည်းက အဖမ်းအဆီးက ပိုပြီးတော့ များတယ်”လို့ပြောပါတယ်။
ဖားကန့်မှာ စစ်တပ်က စစ်အင်အားတွေဖြည့်တင်းပြီးနောက် အခုလို စစ်ရေးပိုပြီး တင်းကြပ်ကာ ဖမ်းဆီးခံရတဲ့ သူတွေလည်း များပြာလာတာဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာနဲ့ အရပ်သားတွေရှိတဲ့ နေရာတွေဘက်ကိုလည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားသေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်နေပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီး ဖားကန့် ကောင်းပြည့် ဆီဆိုင်နားမှာ ကျမှန်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးမှုရှိခဲ့ပါတယ်။







